မဲခေါင်၊ မေ ၅
လမ်းချော်ခြင်း၊ အတက်အဆင်းမတ်စောက်ပြီး အကွေ့များခြင်းတို့ကြောင့် တောင်ကြီးမြို့ရှောင်လမ်းအသုံးပြုရန် အဆင်မပြေသည့်အတွက် တွဲကား၊ ကုန်ကားများကို ယနေ့မနက်မှစတင်ကာ မြို့ပေါ်မှ ယာယီပြန်လည်ဖြတ်သန်းခွင့် ပြုထားကြောင်း သိရသည်။
မြို့နေလူထုက ကုန်ကားများကို မြို့ရှောင်လမ်းမှသာ သွားလာခွင့်ပြုသင့်ကြောင်း လူမှုကွန်ယက်တွင် ဝေဖန်ပြောဆိုပြီးနောက် ၂၀၂၅ ခုနှစ် သင်္ကြန်ကာလမှစပြီး မြို့တွင်းဖြတ်သန်းခွင့်ပိတ်ကာ မြို့ရှောင်လမ်းကိုသာ အသုံးပြုစေခဲ့သော်လည်း ယခုအခါ မြို့ရှောင်လမ်းမှာ မိုးရွာလျှင်လမ်းချော်ခြင်း၊ အတက်အဆင်းမတ်စောက်ပြီး အကွေ့များတွင် တဖက်ယာဥ်အတွက် အန္တရာယ်များခြင်းတို့ကြောင့်ဟုဆိုကာ တောင်ကြီး အနောက်မြို့ပတ်လမ်းအား မေလ၊ ၅ ရက်နေ့မှစပြီး ယာယီပြန်လည် ဖြတ်သန်းခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။
တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းမှ တွဲကား၊ ကုန်ကား၊ ကျောက်မီးသွေးကားများဖြတ်သန်း မောင်းနှင်ရာတွင် ယာဥ်ငယ်များအား ကျော်တက်ခြင်း၊ ဟွန်းတီးကာအရှိန်ဖြင့် ကျော်တက်ခြင်းကဲ့သို့ မဆင်မခြင်မောင်းနှင်မှုများကြောင့် အကြာခဏ ယာဥ်တိုက်မှုများဖြစ်ပွားသဖြင့် လမ်းအနီးနေထိုင်သူများ၊ လမ်းအသုံးပြုသူများက နေ့စဥ်စိုးရိမ်ထိတ်လန့်ခဲ့ရကြောင်း၊ ယခုအခါ ပြန်လည်အသုံးပြုခွင့်ပြုလိုက်သည့်အတွက် ယာဉ်အန္တရာယ်စိုးရိမ်ကြောင်း ဒေသခံများက ပြောသည်။
၁၀၂၇ စစ်ဆင်ရေးအပြီး ရှမ်းမြောက်လမ်းများမှ တရုတ်နယ်စပ်သို့ ဖြတ်သန်းသွားလာမရတော့သည့်အတွက် ရှမ်းတောင် တောင်ကြီးမြို့မှတဆင့် ရှမ်းအရှေ့သို့ ပြောင်းလဲကုန်သွယ်ရာတွင် တောင်ကြီးမြို့ကို ဖြတ်သန်းသွားလာသည့် ကုန်ကားသွားလာမှု များလာခြင်းဖြစ်သည်။
၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ကရင်နီ၊ ရှမ်းမြောက်ဒေသခံတို့၏ စစ်ဘေးရှောင်ရာဒေသဖြစ်ခဲ့သလို နေပြည်တော်၊ ရှမ်းမြောက်အပါအဝင် နိုင်ငံတဝှမ်းက စစ်ကောင်စီအရာရှိများ ခိုလှုံရာမြို့တစ်မြို့လည်းဖြစ်လာသည့် တောင်ကြီးမြို့သည် လူဦးရေရုတ်တရက်ထူထပ်ခြင်း၊ ယာဉ်ပိတ်ဆို့ခြင်းတို့ကို ဆိုးရွားစွာခံစားနေရပြီး မြို့၏အရေးပါသည့် မြို့ပတ်လမ်းတွင်လည်း ကုန်ကားများ ရမ်းကားစွာမောင်းနှင်ကြသဖြင့် နေ့စဥ်နှင့်အမျှ ယာဥ်အန္တရာယ်နှင့် လမ်းပိတ်မှုများ ပိုဆိုးလာမည်ကို စိုးရိမ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“မြို့ရှောင်လမ်း မကောင်းလို့ မောင်းရတာ အန္တရာယ်များတာမှန်ပေမဲ့ဗျာ ကားကြီးမောင်းတဲ့သူတွေက စသလို ပြောင်သလိုနဲ့ ဟွန်းကိုအနားကပ်ပြီးတီး၊ အဝေးကနေတီး၊ ဆိုင်ကယ်စီးရတာလန့်နေရော။ အိမ်စီးကားနဲ့ဆိုလည်း ဝေးဝေးရှောင်မောင်းရတယ်။ ငြိရင်ငြိပါစေ သူတို့နာစရာမရှိဘူးဆိုပြီး သဘောထားမောင်းတာ ကြောက်စရာကောင်းတယ်။ ဆင်ခြင်သင့်တယ် ထင်တာပဲ” ဟု တောင်ကြီးမြို့နေ ပြည်သူတစ်ဦးက မှတ်ချက်ပေးထားသည် ကိုတွေ့ရသည်။
တောင်ကြီးမြို့ရှောင်လမ်းသည် ညောင်ရွှေမှ ရှမ်းရိုးမ စက်မွေးမြူရေးဇုန်ကိုဖြတ်ပြီး ဆင်တောင်အတက်လမ်းအတိုင်း သွားလျှင် ညိုမီးရွာအနီးသို့လမ်းပြန်ပေါက်သဖြင့် တောင်ကြီးနှင့် အေးသာယာကို ရှောင်ကွင်းသွားနိုင်သောလမ်းဖြစ်သည်။
နန်းမွန်း
#MeKongNews
#တောင်ကြီး
#မြို့ရှောင်လမ်း
#ယာဥ်အန္တရာယ်
#လမ်းပိတ်ဆို့
#တွဲကား








