မဲခေါင်၊ မေ ၃
ရှမ်းပြည်အရှေ့ပိုင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ ကျိုင်းတုံမြို့တွင် ဆိုင်ကယ်အလစ်သုတ်ခိုးယူမှုများ ပေါ်ပေါ်တင်တင် ကျူးလွန်လာကြောင်း ဒေသခံများထံမှ သိရသည်။
မေလ ၂ ရက် ည ၇ နာရီခန့်တွင် ကျိုင်းတုံမြို့၊ ကျိုင်းလန်းရပ်ကွက်ရှိ ဝင်းတည်းခိုခန်း ၂ ရှေ့၌ ငွေလာလွှဲသူ၏ ဆိုင်ကယ်ကို လာရောက်ခိုးယူခဲ့ပြီး လိုက်လံဖမ်းဆီးရာတွင် ဆိုင်ကယ်ထားပြီးထွက်ပြေးသွားသည့်အတွက် ဆိုင်ကယ်ပြန်လည်ရရှိခဲ့ကြောင်း မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။
“ဆိုင်ကယ်ကို စက်နိုးပြီးရပ်ထားတော့ သူခိုးမျက်စိကျတာပေါ့။ တော်သေးတယ် ချက်ခြင်းလိုက်ဖမ်းလို့ ဆိုင်ကယ်ထားပြီးပြေးလို့ ပြန်ရတာ၊ လူတော့ မမိဘူး” ဟု ၎င်းကပြောသည်။
မေလ ၂ ရက် နံနက်ပိုင်းကလည်း ယင်းဝင်းတည်းခိုခန်း ၂ အနီးတွင် ပြုံးချိုဆေးဆိုင်ရှေ့တွင် ဆိုင်ကယ်တစ်စီးခိုးယူခံရကြောင်း၊ ဆိုင်ကယ်ခိုးယူသူမှာ နံနက်ပိုင်းက လာရောက်ခိုးယူသူပင်ဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။
သူခိုးများမှာ ဆိုင်ကယ်ခိုးယူရန် အဖွဲ့လိုက် လှည့်ပတ်သွားလာနေသည်ဖြစ်၍ အများပြည်သူ မပေါ့ဆဘဲ အထူးသတိထားကြရန် အချင်းချင်း သတိပေးနေရကြောင်း သိရသည်။
ပြီးခဲ့သည့် ၄ ရက် ဧပြီ ၃၀ ရက်နေ့ကလည်း ဝင်းတည်းခိုခန်း ၁ အရှေ့တွင် လူ ၂ ဦးက ဆိုင်ကယ်တစ်စီး ခိုးယူသွားခဲ့သေးကြောင်း သိရသည်။
“CCTV တွေမှာ လူတွေထင်းနေတာ၊ ခံရသူက လိုင်းပေါ်တင် တာပဲရတယ်။ သူခိုးလည်း ဘယ်သူမှ မဖမ်းပေးဘူး။ တိုင်လည်း တိုင်တိုင်ပဲ၊ မိလို့ ရိုက်လို့ သေပြန်ရင်လည်း ကိုယ့်အလွန်ဖြစ်ဦးမယ်။ ဆိုင်ကယ်တွေပျောက်တာ နည်းတော့တာမဟုတ်ဘူး” ဟု ကျိုင်းတုံတွင် မကြာမီက ဆိုင်ကယ်ခိုးခံထားရသူ တစ်ဦးက ပြောသည်။
ဆိုင်ကယ်တစ်စီးဝယ်နိုင်ရန် ဝင်ငွေထဲမှ ခြိုးခြံစုဝယ်ထားရသည်ကို သူခိုးများ က အလစ်ချောင်းခိုးယူခြင်း၊ လုယက်ခြင်းများဖြင့် အများပြည်သူ ကိုယ်စိတ်ဆင်းရဲစေရန် ဒုက္ခပေးနေခြင်းကို တာဝန်ရှိဥပဒေအဖွဲ့အစည်းများက အရေးမယူသည်မှာ ပေါင်းစားနေကြသလားဟု မေးခွန်းထုတ်ရမည်ဟု ၎င်းကဆိုသည်။
ကျိုင်းတုံတွင် ဆိုင်ကယ်ခိုးခံရမှုများ နေ့နေ့၊ ညည ဖြစ်ပေါ်နေသလို လူကို ရန်ပြုကာ လုယက်ယူငင်သည်အထိ လူဆိုးများအတင့်ရဲလာနေသဖြင့် ဥပဒေလွှမ်းခြုံနိုင်စွမ်းမရှိသည့် မြို့ဖြစ်လာနေကြောင်း ဒေသခံများက ဝေဖန်ပြောဆိုနေကြသည်။
မဟာ
#MeKongNews
#ကျိုင်းတုံ
#ဆိုင်ကယ်ခိုးမှု
#CCTV
#တြိဂံဒေသတိုင်း








