မဲခေါင်၊ မေ ၂
လာအိုနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် ရွှေ့ပြောင်းလုပ်သားများထံမှ ဝမ်ပုံဆိမ်ကမ်းနှင့် လမ်းတလျှောက်တွင် တာဝန်ကျသည့် ရဲများက ငွေကြေးအဆမတန် တောင်းခံနေကြောင်း ဖြတ်သန်းသွားလာသူများထံမှ သိရသည်။
လာအိုနိုင်ငံသို့ သွားရောက်ရာ လမ်းတလျှောက်တွင်ရှိသည့် စစ်ဆေးရေးဂိတ်များ၌ ပုံမှန်အားဖြင့် ခရီးသည်တစ်ဦးလျှင် ဘတ် ၂၀၀ ပေးရပြီး ယင်းငွေကြေးပမာဏမှာ လာအိုသို့ သွားရောက်လုပ်ကိုင်လိုသူများအတွက် သင့်တင့်သည့် ပမာဏဖြစ်ကာ အားလုံးက မငြီးမငြူ ပေးကြကြောင်း၊ သို့သော် ဝမ်ပုံဆိပ်ကမ်းမှ ရဲများမှာ ဘတ် ၃ထောင်၊ ၅ထောင် စသည်ဖြင့် မတရားတောင်းခံခြင်းဖြစ်ကြောင်း ခရီးလမ်းတွင် သွားလာနေသူတစ်ဦးက ပြောသည်။
“လာအိုသွားအလုပ်လုပ်တဲ့သူတွေဆိုတာ ခက်ခဲကြတယ်။ ဟိုမှာလည်း လုပ်ခလစာအများကြီးရကြတာမဟုတ်ဘူး။ ဒါကို တော်ရုံတန်ရုံတောင်းတယ်ဆို တော်သေးတယ်။ အခုက ဘတ် ၅ထောင်လောက် အထိ တောင်းကြတယ်။ မရှိလို့ သွားလုပ်စားပါတယ်ဆို” ဟု ၎င်းကပြောသည်။
တာချီလိတ်မှတဆင့် လာအိုနိုင်ငံသို့ သွားရာတွင် လမ်း၌ ဝေလေလန်ဂိတ်၊ ပါခုတ်ဂိတ်နှင့် ဝမ်ပုံဆိပ်ကမ်းတို့တွင် ငွေပေးရပြီး မဲခေါင်ဆိပ်ကမ်းဖြစ်သည့် ဝမ်ပုံကျေးရွာဆိပ်ကမ်းတွင်မူ ငွေတောင်းသည့် အဖွဲ့အများအပြားရှိကြောင်း၊ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ငွေတောင်းသည့်အဖွဲ့ ပိုများလာသလို ငွေတောင်းခံမှုလည်း ပိုများလာကြောင်း ဒေသခံတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံ၊ တာချီလိတ်မြို့နယ်ဘက်အခြမ်းရှိ မဲခေါင်မြစ်ဆိပ်၊ ဝမ်ပုံဆိပ်ကမ်းတွင် လာအိုသွားသူများအပြင် အခြားမှောင်ခိုလုပ်ငန်းများစွာရှိကြောင်း၊ သို့သော် မှောင်ခိုလုပ်ငန်းများအားလုံးမှာ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး၊ တာချီလိတ်စစ်ဗျူဟာမှူးတို့နှင့် ချိတ်ဆက်ထားသည့်အတွက် အောက်ခြေရဲများ ငွေတောင်း၍ မရကြောင်း၊ ထို့ကြောင့် အောက်ခြေရဲများမှာ လာအိုသွားသူများကို အဓိကပစ်မှတ်ထားကာ အကြောင်းအမျိုးမျိုးပြငွေတောင်းခံနေခြင်းဖြစ်ကြောင်း ယင်းဒေသခံက ပြောသည်။
“မြစ်ဘေးမှာက အဖွဲ့တွေများနေတာ၊ ဘောင်းဘီရှည်မြင်ရင်ကိုကြောက်နေရတာ။ နကသ ရဲ တွေက ညလည်းမြစ်ဆိပ်မှာမူးပြီး တွေ့တဲ့သူရန်လုပ်၊ ပြသနာရှာ။ ဟိုနေ့ကဆို နကသ ရဲ သန်းမင်းစိုးက ခရီးသည် ၂ယောက်ကို ဘတ် ၅ထောင်တောင်းတာ၊ ဟိုက တစ်ထောင်ပဲပေးနိုင်တော့ ထိုင်ခိုင်းပြီးဖမ်းမယ်လုပ်တယ်” ဟု ၎င်းက ပြောသည်။
လာအိုနိုင်ငံရှိ လုပ်ငန်းအချို့တွင် လုပ်သားလိုအပ်ချက်ကြောင့် မြန်မာနိုင်ငံမှ လုပ်သားများကို ဝန်ဆောင်ခအခမဲ့နှင့် ခေါ်ယူမှုများရှိပြီး တချို့မှာလည်း ပွဲစားကို ဝန်ဆောင်ခပေးပြီး လမ်းစရိတ် ကျပ်သိန်းဆယ်ချီကုန်ခံကာ မြန်မာပြည်အရပ်ရပ်မှ လာရောက်လုပ်ကိုင်သူများလည်းရှိကြောင်း၊ လက်ရှိတွင် လာအိုနိုင်ငံ၌ မြန်မာလုပ်သား သောင်းနှင့်ချီရှိနေသလို နေ့စဉ်လည်း သွားရောက်နေကြဆဲဖြစ်ကြောင်း သိရသည်။
ရွှေတြိဂံဧရိယာ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (က) ကျေးရွာအုပ်စု၏ မဲခေါင်မြစ်တဖက်ကမ်းရှိ လာအိုနိုင်ငံ၊ ဘော်ကဲယိုခရိုင်အတွင်း ကာစီနိုစီးပွားရေးဇုန်တွင် မြန်မာနိုင်ငံသားအလုပ်သမားများ ၂၀၀၆ ခုနှစ်ကတည်းက စတင်ဝင်ရောက်အလုပ်
လုပ်ကိုင်နေခြင်းဖြစ်ပြီး အလုပ်သမားဦးရေ သောင်းနှင့်ချီရှိကြောင်း၊ လာအိုတွင် ရခိုင်ရွာဟု အမည်ပေးထားသည့် ရွာတည်ကာ နေထိုင်ကြပြီး ဆောက်လုပ်ရေး၊ စားသောက်ဆိုင်၊ ဟိုတယ်လုပ်ငန်း၊ ကာစီနိုလုပ်ငန်းနှင့် စိုက်ပျိုးရေးခြံများတွင် အများဆုံးလုပ်ကိုင်ကြပြီး အလုပ်ရှင်များမှာ တရုတ်လုပ်ငန်းရှင်များရှိကြောင်း သိရသည်။
ပုံအညွှန်း – ဝမ်ပုံဆိပ်ကမ်းတာဝန်ကျရဲမှ ခရီးသည်များထံမှ ငွေညှစ်နေစဉ် (ထိုင်နေသူ ၂ဦးမှာ ခရီးသည်ဖြစ်ပြီး မတ်တပ်ရပ်နေသူ ၂ဦးမှာ ငွေညှစ်နေသည့် ရဲ ၂ဦးဖြစ်သည်)
ဇော်မြင့်
#MeKongNews
#လာအိုနိုင်ငံ
#ဝမ်ပုံဆိပ်ကမ်း
#ဝေလေလန်ဂိတ်
#ပါခုတ်ဂိတ်








