မဲခေါင်၊ မေ ၂
ဧပြီ ၂၂ ရက်က နယ်မြေပိုင်နက်အပြင်းပွား ကက်ရှ်မီးယားနယ်စပ် အိန္ဒိယထိန်းချုပ်နယ်မြေ ပဟယ်လ်ဂမ်တွင် ခရီးသွားအိန္ဒိယနိုင်ငံသား ဟိန္ဒူဘာသာဝင် ၂၆ ဦးကို မေးမြန်းပြီး အနီးကပ် ပစ်သတ်ခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး စစ်ပွဲဖြစ်ပွားနိုင်သည်အထိ တင်းမာမှု မြင့်တက်နေသောကြောင့် ပါကစ္စတန်အနေဖြင့် အကြမ်းဖက်မှုကို ပြတ်သားစွာရှုတ်ချကာ တရားခံ များကို ဖမ်းဆီးနိုင်ရန် ဆောင်ရွက်သင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက မတ် ၁ ရက်တွင် တိုက်တွန်းထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် နှစ် ၃၀ အတွင်း အဆိုးရွားဆုံးအကြမ်းဖက်မှုကြောင့် အိန္ဒိယနှင့် ပါကစ္စတန်တို့ လေပိုင်နက် အသုံးပြုခွင့်များအသီးသီးပိတ်ထားကြပြီး အိန္ဒိယဘက်မှ ပါကစ္စတန်၏ လေကြောင်းစနစ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များမလုပ်နိုင်စေရန် ဂျမ်မာများ စေလွှတ် ဖြတ်တောက်နေကြောင်း သိရသည်။
သံတမန်ဆက်ဆံရေးများဖြတ်တောက်ခြင်း၊ ပါကစ္စတန်သားအားလုံး၏ ဗီဇာများရုပ်သိမ်းခြင်း၊ နှစ်နိုင်ငံ ရေခွဲဝေသုံးစွဲရေးသဘောတူညီချက်စာချုပ်ကို အိန္ဒိယဘက်မှ ရပ်ဆိုင်းပြီး ရေဖြတ်တောက်ခြင်းများ ကြောင့် နျူကလီးယားလက်နက်ပိုင် ၂ နိုင်ငံကြား အတင်းမာဆုံးအခြေအနေရောက်နေစေပြီဖြစ်သည်။
ဂျမူးနှင့်ကက်ရှ်မီးယား နှစ်နိုင်ငံနယ်စပ် ထိန်းချုပ်နယ်မြေစည်းမျဉ်းအနီး အိန္ဒိယဘက်မှ အကြမ်းဖက် သမားများကို ကမ္ဘာပျက်သည်အထိ အရေးမယူဘဲ လွှတ်မပေးထားနိုင်ဟုဆိုကာ နေအိမ်များစွာကို ဝင်ရောက်စီးနင်းကာ ထောင်ချီ ဖမ်းဆီးမှုများလုပ်နေချိန် ပါကစ္စတန်ဘက်က ယင်းနယ်စပ်တွင် သေနတ် ပစ်ဖောက် သတိပေးမှုများလုပ်ဆောင်နေခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ်မိုဒီက လုံခြုံရေးကော်မတီအစိုးရအဖွဲ့နှင့် တံခါးပိတ်အစည်းအဝေးလုပ်ပြီးနောက် စစ်ရေးအရ လွတ်လပ်စွာဖြင့် ကက်ရှ်မီးယားဒေသတွင် တိုက်ခိုက်ခွင့်ပေးလိုက်သည့်နောက် ပိုမိုတင်း မာလာရာ အမေရိကန်နိုင်ငံခြားရေး မာကိုရူဘီယို ထုတ်ပြန်ချက်အား အမေရိကန်အစိုးရအဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ တမ်မီဘရုစ်က ပါကစ္စတန်အနေဖြင့် အသိဉာဏ်မဲ့ အကြမ်းဖက်မှုအပေါ် တရားဝင် ပြစ်တင် ရှုတ်ချပြီး အိန္ဒိယအစိုးရနှင့်တိုက်ရိုက် ထိတွေ့ဆက်ဆံကာ အကြမ်းဖက်သမားများကို နှိမ်နင်းခြင်ဖြင့် တင်းမာမှုကို လျှော့ချပေးနိုင်မည်ဟု တိုက်တွန်းထုတ်ပြန်ချက် ထုတ်ပြန်သွားခဲ့ခြင်းဖြစ်သည်။
ကိုကလင်း
Ref: aninews
#MeKongNews
#အိန္ဒိယ
#ပါကစ္စတန်
#အကြမ်းဖက်မှု
#ကက်ရှ်မီးယား








