မဲခေါင်၊ ဧပြီ ၃၀
ရှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီးမြို့နှင့် ဆက်စပ်မြို့နယ်များအတွင်း PDF များ စိမ့်ဝင်နေသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ယခုရက်ပိုင်းအတွင်း ရပ်ကွက်များအတွင်း ဧည့်စာရင်းစစ် ခပ်စိပ်စိပ်စစ်ဆေးနေကြောင်း ဒေသခံများထံမှ ဧပြီလ ၃၀ ရက်တွင် သိရသည်။
တောင်ကြီးမြို့ ရပ်ကွက်များတွင် ဧည့်စာရင်းစစ်ဆေးခြင်း၊ ကွန်ပြူတာစနစ်အသုံးပြု၍ တက်ဘလက်များဖြင့် စစ်ဆေးခြင်းနှင့် ဒရုန်းဖြင့် ပျံဝဲထောက်လှန်းခြင်းများကို ယခုရက်ပိုင်းအတွင်း လုပ်ဆောင်လာကြောင်း၊ ယခင် ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်များတွင်လည်း ယခုကဲ့သို့ ပြုလုပ်ဖူးကြောင်း၊ စစ်ကောင်စီ၏ အကြောင်းပြချက်များ PDF များစိမ့်ဝင်လာသည်ဟူ၍ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“တက်ဘလက်နဲ့ စစ်တာက Blacklist ကို စစ်တာပါ။ တောင်ကြီးမှ မဟုတ်ဘူး စစ်ဆေးရေးဂိတ် အတော်များများမှာပါ စစ်နေတာ၊ သတိထားသွားကြဖို့ကတော့ ပြောစရာတောင် လိုမယ်မထင်ဘူး။ အထူးဂရုစိုက်ကြဖို့ပဲ” ဟု တောင်ကြီး သစ်တောရပ်ကွက်နေသူတစ်ဦးက ပြောသည်။
တောင်ကြီးမြို့ ပေါ် ၂၂ ရပ်ကွက် ရှိသည့်အနက် ဧည့်စာရင်းစစ်ဆေးမှု အများဆုံးမှာ ကန်အောက်၊ မြို့မ၊ မင်္ဂလာဦး ရပ်ကွက်များဖြစ်ပြီး လောလောဆယ်တွင် ၄ ရက် ဆက်တိုက် စစ်ဆေးနေကြောင်း သိရသည်။
“ဧည့်စာရင်းလည်း စစ်တယ်။ စစ်မှုထမ်းအကျုံးဝင်သူ အမျိုးသားတွေကို အိမ်ထောင်စုစာရင်းနဲ့ တိုက်စစ်ပြီး မရှိရင် ဘယ်သွားနေလည်း၊ ခေါ်တဲ့အချိန် ရှိအောင်လုပ်ထား၊ မရှိရင် ရှိတဲ့သူ အရေးယူခံမယ် ဘာညာနဲ့ ခြိမ်းခြောက်သေးတာ” ဟု မင်္ဂလာဦးရပ်ကွက်နေသူတစ်ဦးက မဲခေါင်ကို ပြောသည်။
အောင်ပန်းနှင့် ပင်လောင်းလမ်းပိုင်း၊ ရှမ်းပြည်နှင့် မန္တလေးနယ်စပ်များတွင်လည်း အထူး တင်းကြပ်စစ်ဆေးမှုများ ရှိနေကြောင်း၊ Drone များဖြင့်လည်း ပျံဝဲစောင့်ကြည့်မှုများပြုလုပ်နေပြီး စစ်ကောင်စီအစုအဖွဲ့ထဲတွင် တပ်၊ ရဲ၊ ပြည်သူ့စစ်၊ ထွေအုပ်နှင့် လဝကများပါရှိကြောင်း သိရသည်။
မဟာ
#MeKongNews
#တောင်ကြီးမြို့
#ဧည့်စာရင်း
#PDF
#ရှမ်းတောင်








