မဲခေါင်၊ ဧပြီ ၃၀
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ မိုင်းပန်လည်ကျေးရွာအုပ်၊ ပန်မတ်ရွာတွင် ဖမ်းမိသည့် ဆိုင်ကယ်သူခိုးများကို ကျေးရွာဥက္ကဌ၊ ရွာသူကြီးနှင့် ပြည်သူ့စစ်ခေါင်းဆောင်များက ငွေယူပြီး လွှတ်ပေးခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်ထံက သိရသည်။
ယင်းဖြစ်စဥ်မှာ ပြီးခဲ့သည့် မတ်လ ၂၉ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပန်မတ်ရွာတွင် သူခိုး ၉ ယောက်ကို ဆိုင်ကယ် ၆စီး၊ ဆိုင်ကယ်ထဲမှ ငွေကျပ် သိန်း၇၀ဖြင့် ဖမ်းမိကြောင်း ပန်းမတ်ရွာဥက္ကဌ၊ သူကြီးနှင့် ပြည်သူ့စစ်ခေါင်းဆောင်တို့က ဖမ်းမိသည့် သူခိုးများကို တစ်ဦးလျင် ကျပ်သိန်း ၂၀ စီ ဒဏ်ရိုက်ပြီး လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။
သူခိုးများထဲမှ ရသမျှငွေကို ခွဲဝေယူပြီး ပန်မတ်အုပ်စုကိုင်သည့်နယ်ထိန်းနှင့် ရပ်ကျေးစာရေးတို့ကိုလည်း ခွဲဝေပေးကြောင်း၊ သိမ်းဆည်းရမိသည့် ဆိုင်ကယ်များကို ရဲစခန်းကို မအပ်သလို ပျောက်ဆုံးရသူတွေထံလည်း ပြန်မပေးဘဲ အချင်းချင်းစျေးဖြတ်ပြီး ခွဲဝေယူထားကြောင်း သတင်းရင်းမြစ်က ပြောသည်။
ဖမ်းမိသည့်သူခိုးများကို ငွေရယူကာ ပြန်လွှတ်ပေးခြင်းမှာ နောက်ထပ်ခိုးမှုများ ထပ်ကျူးလွန်ခိုင်းခြင်းပင်ဖြစ်ကြောင်း၊ ကျိုင်းတုံပြည်သူများအနေဖြင့် ကျီးလန့်စာစားနေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“အဲကိစ္စကြားတယ်။ ရဲစခန်းလည်း သိမှာပါ။ ဘာမှ အရေးယူတယ် မကြားဘူး၊ သူခိုးတွေကို မဖမ်းပဲလွှတ်ပေးတာက ထပ်ခိုးခိုင်းတာပါပဲ။ အုပ်ချုပ်ရေးပိုင်းကကို အလိုတူအလိုပါဖြစ်နေလို့ ကျိုင်းတုံမှာဆိုင်ကယ်တွေ ဒီလောက်ပျောက်နေတာ၊ မိတယ်မကြားဘူး။ လူတွေလည်း ဥစ္စာပျောက် ငရဲရောက် ကျီးလန့်စာစား ဖြစ်နေကြပြီ။ ဆိုင်ကယ်ပျောက်သူတွေ သေချာစုံစမ်းပြီး နေပြည်တော်အထိ တိုင်သင့်တယ်” ဟု ၎င်းက ပြောသည်။
ကျိုင်းတုံမြို့တွင် အိမ်အတွင်းဖောက်ထွင်းဝင်ရောက်ပြီး တစ်ညထဲ ဆိုင်ကယ် ၃ စီး ခိုးယူခံရမှု၊ နေ့ခင်းကြောင်တောင်အစောင့်ရှိသည့်ကြားက ဆေးရုံအပ်ထားသည့်နေရာမှ ဆိုင်ကယ်ခိုးယူခံရမှုတို့အပြင် ကျောင်းကြိုမိဘများ၊ မြို့ရှောင်လမ်းသွားသူများထံမှ အကြမ်းဖက်ကာ ဆိုင်ကယ်လုယူမှုများ ဖြစ်ပွားလျက်ရှိသည်။
ကျိုင်းတုံမြို့သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၏မြို့ တော်ဖြစ်သလို စစ်ကောင်စီ၏ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ပြည်နယ်ခွဲအုပ်ချုပ်ရေး၊ ပြည်နယ်ခွဲရဲရုံးများ ရှိနေသော်လည်း ဖြစ်ပွားနေသည့် ဆိုင်ကယ်လုယက်ခိုးမှုများကို ထိရောက်စွာဖမ်းဆီးအရေးယူ နှိမ်နင်းမှုမရှိခြင်းကြောင့် လုံခြုံစိတ်ချရသည့် ဥပဒေအကာအကွယ်မဲ့လာနေသည်ဟု ပြည်သူများက ဝေဖန်နေကြကြောင်း သိရသည်။
မဟာ
#MeKongNews
#ကျိုင်းတုံ
#ဆိုင်ကယ်ခိုးမှု
#ပြည်သူ့စစ်
#ပန်မတ်ရွာ








