မဲခေါင်၊ ဧပြီ ၂၈
“ဝ” တပ်ဖွဲ့ – UWSA က ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား ၇၂ ဦးကို ဧပြီလ ၂၅ ရက်က တရုတ်နိုင်ငံထံ ထပ်မံလွှဲပြောင်းခဲ့ကြောင်း ဒေသတွင်းသတင်း Wa News Land က ဖော်ပြသည်။
ဧပြီလပထမပတ်က ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအချို့ကို လွှဲပြောင်းပြီးနောက် ယခုတစ်ကြိမ်တွင် တရုတ်နိုင်ငံသား သံသယရှိသူ ၇၂ ဦး၊ မိုဘိုင်းလ်ဖုန်း ၃၀၁ လုံး၊ ကွန်ပျူတာကိရိယာ ၃၁ လုံးနှင့်အတူ နယ်စပ်ဂိတ်ရှိရာ Meng’a ဆိပ်ကမ်းမှတဆင့် တရုတ်နိုင်ငံသို့ ထပ်မံလွှဲပြောင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျားဖြန့်လုပ်ကိုင်သူများသည် နယ်စပ်ဂိတ်ဖြတ်ကျော်ကာ တရားမဝင် လမ်းကြောင်းမှတဆင့် “ဝ” ဒေသထဲသို့ ခိုးဝင်ခဲ့ကြပြီး တည်နေရာ ၄ ခုတွင် စုံစမ်းစစ်ဆေးဖမ်းမိခဲ့ခြင်းဟု ဖော်ပြထားသော်လည်း မည်သည့်နေရာများတွင် ဖမ်းဆီးရမိကြောင်း ဖော်ပြထားခြင်းမရှိပေ။
“ဝ” ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် UWSA ထိန်းချုပ်ဒေသအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းကို အကူအညီပေးသည့် မည်သူမဆို အရေးယူမှုနှင့်အတူ ပြစ်ဒဏ်များပေးသွားမှာဖြစ်ပြီး ထိရောက်စွာတားဆီးနိုင်ဖို့ အချက် ၄ ချက်ပါ ထုတ်ပြန်ချက်ကို “ဝ” ပြည်နယ်၊ တရားရေးရာ လုပ်ငန်းကော်မတီက ပြီးခဲ့သည့် ဧပြီ ၂၆ ရက်နေ့က ထုတ်ပြန်ထားသည်။
ဧပြီလပထမပတ်တွင် ကျားဖြန့်လုပ်ကိုင်သူ ၄၈ ဦး၊ မတ်လ ၁၃ ရက်နေ့တွင် တရုတ်နိုင်ငံအလိုရှိ ကျားဖြန့်ခေါင်းဆောင် ၂ ဦးနှင့် တရုတ်နိုင်ငံသား ၁၆ ဦးတို့ကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သေးကြောင်း သိရသည်။
Source – Wa News Land
ဓာတ်ပုံ – (WSP)
#MeKongNews
#ကျားဖြန့်
#UWSA
#တရုတ်နိုင်ငံသား
#အွန်လိုင်းငွေလိမ်လုပ်ငန်း








