မဲခေါင်၊ ဧပြီ ၂၈
ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံမြို့တွင် လောင်းကြေးသိန်းရာချီရှိသည့် ကြက်ပွဲများနှင့် လောင်းကစားဝိုင်းများပါ နေ့စဥ်ရက်ဆက် အကြီးအကျယ်ပြုလုပ်နေပြီး “မြန်မာ့တိုက်ကြက်စိန်ခေါ်ပွဲ” ဟု ခေါင်းစဉ်တပ်ကာ ကြေးကြီးကြက်ပွဲများ ပြုလုပ်ရန် စီစဉ်နေကြောင်း ဒေသခံများထံက သိရသည်။
ပင်လုံကျောက်တန်းလမ်း၊ ပန်မုန့်တိုက်နယ်၊ ပန်လိုင်းရွာ PNO ဂိတ်အနီး ကြက်ဝိုင်းတွင် စီစဉ်နေခြင်းဖြစ်ပြီး ကြက်ဒိုင်မှာခွန်လှမောင် ဆိုသူဖြစ်ကြောင်း၊ လာမည့် မေလ ၁ ရက်မှ မေလ ၅ ရက်အထိ မြန်မာ့တိုက်ကြက်စိန်ခေါ်ပွဲဟု ခေါင်းစဉ်တပ်ပြုလုပ်ရန် စီစဉ်နေပြီး လက်ရှိတွင်လည်း ကြေး ၁၀ သိန်းထိ တိုက်ကြပြီး လပြည့်လကွယ် ဆိုပါက သိန်းရာနှင့်ချီအထိ တိုက်ကြကြောင်း ဒေသခံများက ဆိုသည်။
“ပန်လိုင်းရွာကတော့ အကြီးဆုံးဝိုင်းပဲ။ သိန်းရာချီအထိ ဖြစ်တယ်။ တစ်ပွဲနဲ့ တစ်ပွဲ မတူဘူး။ လိုင်းကြေးပေးပြီးလုပ်တာ၊ တခြားကြိတ်ဝိုင်းတွေလည်း လုပ်တာရှိပေမယ့် လိုင်းကြေးမနိုင်ရင် ဖမ်းခံရမှာစိုးလို့ သိပ်မလုပ်ရဲကြဘူး။ နောင့်လိုင်ဘက်မှာလည်း တခါတလေရှိတယ်။ လာမယ့်လဆန်းမှာတောင် ပင်လုံမြန်မာ့ကြက်တိုက်ပွဲဆိုပြီး ကြေညာထားတာတောင်ရှိတယ်” ဟု ပင်လုံ၊ ရပ်ကွက် ၂ နေသူတစ်ဦးက မဲခေါင်ကို ပြောသည်။
လိုင်းကြေးမှာ စစ်ကောင်စီ၏ လွိုင်လင်တပ်နယ်မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူး၊ မြို့နယ်ရဲမှူးများနှင့် စရဖ၊ နယ်ထိန်းများသို့ အဆင့်ဆင့်ပေးကြရပြီး ကြက်ဝိုင်းအပြင် ဖဲဝိုင်းပါရှိကာ ရှမ်းကိုးမီးနှင့် ရှိုးများရိုက်ကြကြောင်း သိရသည်။
“ဖဲဝိုင်းက ကြေးတွေကောင်းတယ်။ တစ်ချို့ကြက်ဝိုင်းလာရင်း ဖဲဝင်ရိုက်တာ ဆိုင်ကယ်ပါရောင်းရတဲ့အထိပဲ။ တစ်ချို့ကတော့ ကားပါပေါင်ပြီး ရိုက်ကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယင်းလောင်းကစားဝိုင်းများကြောင့် ပင်လုံစေတီတော်ရင်ပြင်အထိ သက်ရောက်လာနေကာ မြို့လူထုကို ထိခိုက်လာနေသည်ဟု ဒေသခံများကဆိုကြသည်။
“လူကြီးတွေက ရှေ့ကပျက်စီးပြတော့ နောက်က တက်လူတွေပါ ပျက်စီးလာကြတယ်။ လောင်းကစားဝိုင်းလာကြရင်း စေတီတော်အတွင်း သောက်စားမူးရစ် ဝိုင်းဖွဲ့နေတာတွေ၊ ဆိုင်ကယ်တွေ အရမ်းမောင်းနေတာတွေ၊ ဘုရားရင်ပြင်တော်ပေါ်မှာ ဖိနပ်စီးနေတာတွေ၊ အမှိုက်တွေ၊ ပုလင်းအခွံတွေ အရမ်းပွနေတာတွေ၊ ဆိုင်ကယ်ပျောက်တာတွေ အများကြီးပဲ။ မြို့ရဲ့စာရိတ္တမဏ္ဍိုင် ပျက်စီးနေသလို သမိုင်းဝင်မြို့အနေနဲ့ လာလည်သူတွေမြင်ရင် မြို့သိက္ခာကျနေပြီ” ဟု ပင်လုံရပ်မိရပ်ဖတစ်ဦးက ပြောသည်။
ပင်လုံမြန်မာ့တိုက်ကြက်စိန်ခေါ်ပွဲကို လာမည့် မေလ ၁ ရက်မှ ၅ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင်ကြက်များ ကြေးအနည်းဆုံး ကျပ် ၁၀ သိန်းရှိပြီး ပြိုင်ပွဲဝင်ကြေးအများဆုံးသော တိုက်ကြက်များ ပထမဆု ကျပ် သိန်း ၂၀ နှင့် ဒုတိယဆု ကျပ် ၁၀ သိန်းဟု ကြက်တိုက်ပွဲ ဖိတ်ခေါ်စာတွင် ဖော်ပြထားသည်။
ပင်လုံမြို့သည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် ပင်လုံစာချုပ်ချုပ်ဆိုရာနေရာအဖြစ်နှင့် ပြည်ထောင်စုနေ့ပေါ်ထွန်းရာ မြို့အဖြစ် ထင်ရှားသည့်မြို့ဖြစ်သည်။
ရပ်နီး၊ ရပ်ဝေးမှ လာရောက်ကြသူ များပြားသည့်အတွက် သမိုင်းကို အိုးမဲသုတ်ရာရောက်နေပြီး ရာဇဝတ်မှု များပြားစေသည့် လောင်းကစားဝိုင်းများ မရှိစေလိုကြကြောင်း ပင်လုံဒေသခံများက တောင်းဆိုနေကြသည်။
မဟာ
#MeKongNews
#ပင်လုံမြို့
#တိုက်ကြက်ဝိုင်း
#လောင်းကစားဝိုင်း
#လိုင်းကြေး








