မဲခေါင်၊ ဧပြီ ၂၈
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီနယ်စပ် မိုးဗြဲမြို့တွင် စစ်ကောင်စီမှ ဆက်တိုက်ပစ်ခတ်နေသည့် လက်နက်ကြီးနှင့် ဒရုန်းဗုံးချတိုက်ခိုက်မှုတို့ကြောင့် ၃ ရက်အတွင်း ဒေသခံတစ်ဦးသေဆုံးပြီး အသက် ၇၀ အရွယ် အဘိုးအို အပါအဝင် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Mobye Rescue Team နှင့် ဒေသခံများထံမှ သိရသည်။
ဧပြီ ၂၇ ရက်နေ့ ၊ ညနေ ၄ နာရီခန့်တွင် ဝါရီကောခူရပ်နေ ဦးလိ ၄၀ နှစ် သည် မိုးဗြဲမြို့ထဲ ဆိုင်ကယ်စီးလာစဥ် ခမရ ၄၂၂ မှ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်ခဲ့သဖြင့် ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရကြောင်း သိရသည်။
“ကျည်စက လည်ပင်းကိုဖောက်ပြီး လေပြွန်ကိုပါထိသွားတာ၊ ဆေးအဖွဲ့ကယ်ပေမယ့် မရလိုက်ဘူး” ဟု နီးစပ်သူတစ်ဦးက မဲခေါင်ကို ယနေ့ ဧပြီ ၂၈ ရက်တွင်ပြောသည်။
ဧပြီလ ၂၆ ရက်နေ့ ညနေ ၄ နာရီအချိန်တွင်လည်း စစ်ကောင်စီ၏ ဒရုန်းဗုံးကြဲချမှုကြောင့် မိုးဗြဲမြို့အတွင်း ဆိုင်ကယ်စီးသွားသည့် ဝါရီကောခူနေ ဒေသခံ သားအဖ ၂ ဦး မျက်နှာနှင့် ခန္ဓာကိုယ်အနှံ့ ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ဧပြီလ ၂၅ ရက်နေ့ ည ၆ နာရီ ၄၅ မိနစ်ခန့်တွင် စစ်ကောင်စီ၏ ခမရ ၄၂၂ တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် မိုးဗြဲမြို့၊ ပွဲကုန်း ၁ ရပ်ကွက်နေ ဦးမောင်ရန် ၇၀ နှစ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Mobye Rescue Team ထံက သိရသည်။
လွန်ခဲ့သည့် ဧပြီလ ၁၈ ရက်နေ့တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဝါရီကောခူကျေးရွာအနီး စစ်ရှောင် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ရပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။
စစ်ကောင်စီသည် မိုးဗြဲမြို့တွင်း အများပြည်သူသွားလာနေမှန်းသိလျက်နှင့် ရည်ရွယ်ချက်ရှိရှိဖြင့် လက်နက်ကြီးနှင့် နေ့စဥ်လို ဆက်တိုက်ပစ်ခတ်ခြင်း၊ အရပ်သားမှန်းသိလျက်နှင့် ဒရုန်းဗုံးများဖြင့် တိုက်လိုက်နေသည့်အတွက် အများပြည်သူ ဒေသခံများ အထူးဂရုစိုက်သွားလာနေထိုင်ကြရန် တော်လှန်ရေးတပ်များက စဥ်ဆက်မပြတ် သတိပေးနေကြောင်း သိရသည်။
မဟာ
#MeKongNews
#မိုးဗြဲ
#လက်နက်ကြီး
#ဒရုန်းဗုံးကြဲ
#ဝါရီကောခူ








