မဲခေါင်၊ ဧပြီ၂၅
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ပင်လောင်းမြို့နယ်တွင် ငလျင်လှုပ်ခတ်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ပျက်စီးမှုများ၊ ထိခိုက်ခံစားရသူများအတွက် အကူအညီရရှိမှုနည်းပါးကာ လိုအပ်ချက်များ ရှိနေကြောင်း Pa-O Youth Organization က ယနေ့ ဧပြီ ၂၅ ရက်တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ပြင်းထန်ငလျင်ကြီးကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း ပျက်စီးခဲ့သည်များထဲမှ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် ငလျင်ဒဏ်ကြောင့် ကျေးရွာ ၃၅ ရွာမှ လူ ၃ ဦး သေဆုံး၊ ၁၂ ဦး ဒဏ်ရာရ၊ အဆောက်အအုံပေါင်း ၇၆၅ ခုခန့် ပျက်စီးဆုံးရှုံးမှုရှိသည်ကို ကောက်ယူရရှိသည် မြေပြင်အချက်အလက်မှတ်တမ်းအရ တွေ့ရှိရကြောင်း၊ ငလျင်ဒဏ်သင့် နေအိမ်ပျက်စီးမှု ရင်ဆိုင်ကြုံတွေ့နေရသည့်သူများသည် အကူညီရရှိမှုနည်းပါးနေပြီး ပျက်စီးမှုဆိုင်ရာ သတင်းအချက်အလက်များသည်လည်း မီဒီယာပေါ် ဖော်ပြနိုင်မှု အားနည်းနေသည်ကိုတွေ့ရကြောင်း PYO က ထုတ်ပြန်သည်။
ပင်လောင်းမြို့နယ်အတွင်း လတ်တလောလိုအပ်ချက်များအနေဖြင့် ယာယီနေထိုင်ရန် တဲများ၊ အမိုးအကာနှင့် အခင်းများ၊ အရေးပေါ် ကျန်းမာရေးဆေးဝါးများ၊ ငွေကြေးမှု ပံ့ပိုးမှုများလိုအပ်နေပြီး ရေရှည်လိုအပ်ချက်များအနေဖြင့် အိုးအိမ်ပြန်လည်မွမ်းမံရေးနှင့် တည်ဆောက်ရေးဆိုင်ရာ အကူအညီများ (ဥပမာ – သွပ်၊ အုပ်၊ ဘိလပ်မြေ စသဖြင့်)၊ ရေကန်များ ပြန်လည်ပြုပြင်ရေးဆိုင်ရာ အကူအညီများ၊ ပညာရေးဆိုင်ရာ ကူညီထောက်ပံ့မှုများ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု အကူအညီများ၊ စိုက်ပျိုးမြေပျက်စီးမှုများနှင့် စိုက်ပျိုးရေးမျိုးစေ့ အကူအညီများ၊ လမ်းပန်းဆက်သွယ်ရေး ပြန်လည်းပြုပြင်ရေး အကူအညီများ၊ လူမှူဖူလုံရေး အကူညီများ လိုအပ်နေကြောင်း PYO က ထုတ်ပြန်သည်။
ပင်လောင်းမြို့နယ်အတွင်းရှိ ငလျင်ဒဏ်ခံရသည့် ကျေးရွာများတွင် အလှူရှင်မှာ မရှိသလောက်ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။
“အလှူရှင်တွေ မရှိသလောက်ပဲ။ အချို့ရွာတွေဆို ဘာမှမရှိဘူး။ ပြန်ထူထောင်ဖို့မပြောနဲ့ စားဖို့နေဖို့ကို ခက်နေပြီ။ သောက်ရေ သုံးရေကအစ ပြတ်လာနေတာ” ဟု ပင်လောင်းမြို့နယ်၊ မောက်ထီဗွာရွာမှ စားစရာဆန် တောင်ကြီးသို့ တက်ဝယ်သူတစ်ဦးက မဲခေါင်ကို ပြောသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် ၇.၇ ပြင်းအားရှိ စစ်ကိုင်ပြတ်ရွေ့ကြော ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး ရှမ်းကုန်းပြင်မြင့်၊ နေပြည်တော်နှင့် ပဲခူး စသော ဒေသရှိ လူပေါင်း ၄၄၂၆ ဦး သေဆုံး၊ ၁၁၃၆၆ ဦး ထိခိုက်ဒဏ်ရာနှင့် နေအိမ်အောက်အအုံ အမြောက်အမြားလည်း ပျက်စီးခဲ့သည်ဟု PYO က ဆိုသည်။
မဟာ
#MeKongNews
#စစ်ကိုင်းငလျင်
#အကူအညီလိုအပ်
#ပင်လောင်း
#ပအိုဝ်းဒေသ








