မဲခေါင်၊ ဧပြီလ ၂၂ ရက်
ရှမ်းပြည်မြောက်ပိုင်း၊ တောင်းခမ်းကျေးရွာ အနီးတဝိုက်တွင် မဟာမိတ် TNLA နှင့် DPLA တပ်များရှိရာသို့ စစ်ကောင်စီဘက်မှ အဆိပ်ဓာတ်ငွေ့ဗုံးများကို ကြဲချတိုက်ခိုက်နေကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး DPLF က သတင်းထုတ်ပြန်သည်။
ဧပြီလ ၂၁ ရက် နေ့လယ် ၁ နာရီခန့်တွင် ၃ လုံး၊ ညနေ ၃ နာရီ ၆ မိနစ်ခန့်တွင် ၄ လုံး ကြဲချခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုကြောင့် ရဲဘော်အချို့ မူးဝေခြင်း၊ အော့အန်ခြင်းများ ဖြစ်ကြောင်း DPLA ပြန်ကြားရေးက မဲခေါင်ကို ပြောသည်။
“ရှုမိတဲ့ ရဲဘော်တွေကတော့ မူးဝေ၊ အော့အန်၊ သွေးပေါင်ကျတာတွေ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီဘက်မှ အပစ်အခတ်ရပ်စဲထားကြောင်း ကြေညာထားသော်လည်း နိုင်ငံတကာမှ တားမြစ်ထားသော တိုက်ခိုက်မှုမျိုးကို အကြိမ်ကြိမ်ကျူးလွန်နေသည်ဟု DPLA က ပြောသည်။
အဆိပ်ဓာတ်ငွေ့ဗုံးများ အသုံးပြုတိုက်ခိုက်ခြင်းကို တောင်းခမ်းတွင်သာမက အခြားတော်လှန်ရေးတပ်များ ရှိသောနေရာများတွင်လည်း မကြာခဏ ပြုလုပ်နေသည်ကို တွေ့မြင်နေရသည်ဟုလည်း ပြောသည်။
တောင်းခမ်းကျေးရွာတွင် စစ်ကောင်စီဘက်မှ လေယာဥ်ဗုံးများကြဲချခြင်း၊ လက်နက်ကြီးများပစ်ခတ်ခြင်းနှင့် အဆိပ်ဓာတ်ငွေ့ဗုံးများအသုံးပြု၍ ထိုးစစ်ဆင်ပြုလုပ်နေမှုကြောင့် မဟာမိတ် TNLA ၊ DPLA တပ်တို့နှင့် စစ်ကောင်စီတပ်များ ယနေ့အချိန်ထိ တိုက်ပွဲဆက်လျက်ဖြစ်ပွားလျှက် ရှိနေကြောင်း သိရသည်။
မဟာ
#MeKongNews
#DPLA
#စစ်ကောင်စီ
#အဆိပ်ငွေ့ဗုံး
#လေကြောင်းတိုက်ခိုက်
ပုံအညွှန်း – DPLA ရဲဘော်များ








