မဲခေါင်၊ ဧပြီ ၂၁
ချင်းမိုင်မြို့တွင်ရှိသည့် ကာစီကွန်ဘဏ်ခွဲတစ်ခုတွင် ဧပြီလ ၂၁ ရက် နေ့လည်ပိုင်း၌ ဘတ် ၄၂၀၀၀ ဓားပြတိုက်ခဲ့သူကို ချင်းမိုင် – ချင်းရိုင်ကားလမ်းတစ်နေရာတွင် ယနေ့ ညနေပိုင်း ဖမ်းဆီးရမိကြောင်း ချင်းမိုင်အခြေစိုက်ထိုင်းသတင်းဌာနများက ဖော်ပြသည်။
ဓားပြတိုက်သူမှာ နန်ခရိုင်တွင် နေထိုင်သည့် အာရိယဆိုသူ အသက် ၂၆ နှစ်အရွယ်အမျိုးသားဖြစ်ပြီး ၎င်းမှာ ချင်းမိုင်မြို့၊ သာဆာလာအရပ်ရှိ ကာစီကွန်ဘဏ်ခွဲ၌ ဓားပြတိုက်ပြီး ချင်းရိုင်ဘက်သို့ တက္ကစီကားအနီရောင် ငှားစီးကာထွက်ပြေးသွားရာမှတဆင့် ခြေရာခံမိခြင်းဖြစ်ကြောင်း Chiang Mai News က ဖော်ပြသည်။
ယင်းအမျိုးသားသည် ဘဏ်တွင် ဓားပြတိုက်ပြီး ကားအနီကို ငှားစီးကာ ဆမ်ကဖန်းဘက်သို့ ထွက်ပြေးကြောင်း၊ ကားခကိုရှင်းရာတွင် ၎င်း၏ဘဏ်အကောင့်မှတဆင့် Scan ဖတ်ပြီး ပေးချေခဲ့ကြောင်း၊ ရဲတပ်ဖွဲ့က ယင်းအချက်အလက်များကို အခြေခံပြီး လိုက်လံဖမ်းဆီးရာ ချင်းမိုင် – ချင်းရိုင် ကားလမ်းတစ်နေရာတွင် တွေ့ခဲ့ပြီး ညနေ ၆ နာရီခန့်၌ လမ်းဘေးတစ်နေရာတွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဓားပြတိုက်သူသည် ချင်းရိုင်ဘက်သို့ ထွက်ပြေးရန် စီစဉ်ထားပြီး ဓားပြတိုက်လာသည့်ငွေကို ဆိုင်ကယ်ဝယ်စီးကာ ယင်းဆိုင်ကယ်ဖြင့် ထွက်ပြေးခြင်းဖြစ်ကြောင်း၊ အသေးစိတ်ကို ဆက်လက်စစ်ဆေးနေဆဲဖြစ်ကြောင်း Chiang Mai News က ဖော်ပြသည်။
Source – เชียงใหม่นิวส์ Chiang Mai News ข่าวเชียงใหม่
#MeKongNews
#ချင်းမိုင်
#ဘဏ်ဓားပြတိုက်
#ချင်းရိုင်
#တက္ကစီ








