မဲခေါင်၊ ဧပြီ ၂၀
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်ရှိ စစ်ကောင်စီ ဗျူဟာကုန်းကို KNLA၊ KNU တပ်မဟာ ၇ မှ KNDO နှင့်မဟာမိတ်ပူးပေါင်းတပ်များ ၂ ရက်တိုင် တိုက်ပွဲဝင်ခဲ့ရာ ဧပြီ ၂၀ ရက်တွင် စခန်းသိမ်းနိုင်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီဘက်မှ ယင်းစခန်းကုန်းနားတစ်ဝိုက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေသဖြင့် နယ်ခြင်းဆက် တာ့ခ်ခရိုင်၊ မယ်ရမတ် သောင်းရင်းမြစ် တစ်လျှောက် ထိုင်းအထူးတပ်များ သံချပ်ကာကားများ၊ လက်နက်ကြီးများဖြင့် လုံခြုံရေး တိုးမြှင့်ချထား ကြောင်း သိရသည်။
ဧပြီ ၂၀ ရက် မနက် ၆ နာရီ ရရှိသော သတင်းအရ မော်ဖားသူး စစ်ကောင်စီ ဗျူဟာကုန်းကို KNLA နှင့်ပူးပေါင်းတပ်များ ဒရုန်း၊ လက်နက်ကြီးများသုံးပြီး အင်အားအလုံးအရင်းနှင့် တက်ရောက် သိမ်းပိုက်နိုင်ခဲ့ရာတွင် စစ်ကောင်စီတပ်သား ၂၅ ယောက်တောင့်မခံနိုင်ဘဲ ဦးတည်ရာ ထွက်ပြေးသွားခဲ့ရကြောင်း၊ စစ်ကောင်စီဖက်က လေယာဉ်ဖြင့် ဗုံးကြဲသည့်အတွက် သောင်ရင်းမြစ် တစ်ဖက်ကမ်း မယ်ရမတ်ဘက်သို့ ထွက်ပြေးလာသည့် မြန်မာစစ်ဘေးရှောင် ၂၅၀ နီးပါး ရှိကာ ဘုန်းကြီးကျောင်းတွင် နေရာချထားပေးထားကြောင်း သိရသည်။
ထိုင်းစစ်တပ်ဘက်မှ အချုပ်အခြာပိုင်မြေ ကာကွယ်ရေးအတွက် ထိုင်းနယ်စပ်လုံခြုံရေးတပ်အပြင် အထူးသံချပ်ကာ တပ်များကိုပါ လက်နက်အပြည့်အစုံဖြင့် တိုးမြှင့်ချထားသည်ဟု ထိုင်းမီဒီယာမှ ရေးသားဖော်ပြခဲ့သည်။
လက်ရှိတွင် ကရင်ပြည်နယ်၌ စစ်ကောင်စီနှင့် တိုက်ပွဲအပြင်းထန်ဆုံးကာလရောက်နေပြီး ကျုံဒိုးမှ စကာ ထိုင်းနယ်စပ်တစ်လျှောက်အထိ တိုက်ပွဲများ ဖော်ဆောင်နေသည်ဟုလည်း သိရသည်။
ကိုကလင်း
Ref:The Reporters
#MeKongNews
#KNLA
#စခန်းသိမ်းတိုက်ပွဲ
#စစ်ဘေးရှောင်
#ထိုင်းနိုင်ငံ








