မဲခေါင်၊ ဧပြီ ၁၈
တရုတ်သမ္မတ ရှီကျင်းဖျင်၏ မလေးရှားခရီးစဉ်အတွင်း ရရှိခဲ့သည့် သဘောတူညီချက် ၆ ချက်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ရာတွင် တောင်တရုတ်ပင်လယ်အရေးလည်း ပါဝင်ခဲ့သည်။
ဧပြီလ ၁၇ရက်က ထုတ်ပြန်သည့် သဘောတူညီချက်များထဲတွင် တောင်တရုတ်ပင်လယ်၏ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရန် အရေးကြီးကြောင်း၊ သဘောထားကွဲလွဲမှုများကို ချစ်ကြည်ရင်းနှီးသော ဆွေးနွေးခြင်းနှင့် ငြိမ်းချမ်းစွာ ဖြေရှင်းရန် သဘောတူညီထားကြောင်း၊ တိုက်ရိုက်မသက်ဆိုင်သည့် အဖွဲ့အစည်း (နိုင်ငံ)၏ ဝင်ရောက်စွက်ဖက်မှုသည် အကျိုးမရှိဘဲ အခြေအနေကို ပိုမိုရှုပ်ထွေးစေနိုင်သည်ကို တညီတညွတ်တည်းသဘောတူ လက်ခံထေားကြောင်း ဖော်ပြထားသည်။
တရုတ်သံရုံးက ထုတ်ပြန်သည့် သဘောတူညီချက်များထဲတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ – WTO ၏ စည်းမျဉ်းများကို ချိုးဖောက်သည့် စည်းကြပ်ခွန်များကို ထင်ရာစိုင်း တိုးကောက်ခြင်းကဲ့သို့သော တစ်ဖက်သက် ကုန်သွယ်မှုကန့်သတ်ချက်များကို ဆန့်ကျင်ကြောင်း၊ တရုတ် – အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုနယ်မြေ ၃.၀ ဗားရှင်း အဆင့်မြှင့်တင်ရေးစာချုပ်ကို လက်မှတ်ရေးထိုးရန် အမြန်ဆုံး အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ တရုတ်-အာဆီယံ အေးအတူပူအမျှ အသိုက်အဝန်းကို တည်ဆောက်ပြီး ပြည်သူများကို အကျိုးပြုသွားမည်ဟု ထပ်လောင်းကတိပြုကြောင်း စသည်တို့ပါဝင်သည်။
တရုတ် – မလေးရှာ တွေ့ဆုံမှုအပြီး သဘောတူညီချက်များကို ကြည့်ပါက ထရမ့်အစိုးရ၏ လုပ်ဆောင်ချက်များကြောင့် တရုတ် – အာဆီယံ ပိုမိုနီးကပ်သွားစေသည်ကို တွေ့ရပြီး တရုတ်က အာဆီယံနိုင်ငံများအပေါ် ပိုမိုလွှမ်းမိုလာမည့် အရိပ်အယောင်ကို တွေ့ရကြောင်း နိုင်ငံရေး သုတေသီတစ်ဦးက သုံးသပ်သည်။
“တောင်တရုတ်ပင်လယ်အရေးဆိုရင် အမေရိကန်ကို ဗြောင်ကျကျပြောလိုက်တာပဲ။ အမေရိကန်က အကုန်လုံးကို လိုက်ကြပ်နေတော့ ကျန်တဲ့နိုင်ငံတွေလည်း တရုတ်ကလွဲလို့ တခြားရွေးစရာမရှိတဲ့ အခြေအနေကို ရောက်ကုန်တယ်။ အထူးသဖြင့် တရုတ်နဲ့ နယ်မြေချင်းထိစပ်နေတဲ့နိုင်ငံတွေပေါ့” လို့ သူက ဆိုပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကုန်သွယ်စည်းကြပ်ခွန်များတိုးမြှင့် ထုတ်ပြန်အပြီး တရုတ်သမ္မတရှီကျင်းဖျင်သည် အာဆီယံဒေသတွင်း ၃နိုင်ငံဖြစ်သည့် ဗီယက်နမ်၊ မလေးရှားနှင့် ကမ္ဘောဒီယားနိုင်ငံများသို့ ဧပြီလ ၁၄ရက်မှ ၁၈ရက်အထိ သွားရောက်လည်ပတ်ပြီး ဆက်ဆံရေးတိုးမြှင့်တည်ဆောက်လျက်ရှိသည်။
#MeKongNews
#တောင်တရုတ်ပင်လယ်
#ရှီကျင်းဖျင်
#မလေးရှား
#အာဆီယံ
Photo – Prime Minister’s Office of Malaysia








