မဲခေါင်၊ ဧပြီ ၁၇
နှစ်ဆန်းတစ်ရက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူများထဲတွင် တာချီလိတ်မြို့မှ ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဆီးထောင်ချခံထားရသူ နိုင်ငံရေးအကျဉ်းသား ၂ဦး ပါဝင်ကြောင်း ကျိုင်းတုံအကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။
ပြန်လည်လွတ်မြောက်လာသူ ၂ဦးမှာ ကိုဝင်းကျော်မိုးနှင့် ကိုတင်မွှေးတို့ဖြစ်ပြီး ၎င်းတို့ကို ၂၀၂၃ ခုနှစ်အတွင်းက ဖေ့စ်ဘွတ်အကောင့်မှ တဆင့် ခြေရာခံဖမ်းဆီးသွားခြင်းဖြစ်သည်။
တာချီလိတ်မြို့နယ်၊ ရန်အောင်မြေရပ်ကွက်နေ ကိုဝင်းကျော်မိုးသည် ၎င်းအသုံးပြု သည့် “Win Kyaw Moe” Facebook အကောင့်တို့ဖြင့် အသိပေးသတင်းထုတ်ပြန်ချက်အပေါ်မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည်ဟုဆိုကာ ၂၀၂၃ခုနှစ် ဇွန်လ ၁၉ရက်၌ ဖမ်းဆီးသွားခြင်းဖြစ်ပြီး၊ တာချီလိတ်မြို့နယ်၊ ပါဆပ်ရပ်ကွက်နေ ကိုတင်မွှေးကိုမူ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၇ရက်၌ “Tin Mwae” Facebook အကောင့်ဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ယနေ့ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့တွင် ကျိုင်းတုံအကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူ အကျဉ်းသား ၇၀ကျော်ရှိပြီး နိုင်ငံရေးအကျဉ်းသားမှာ ကိုဝင်းကျော်မိုးနှင့် ကိုတင်မွှေးတို့ ၂ဦးသာ ပါဝင်ကြောင်း ကနဦးသိရသည်။ လွတ်မြောက်သူအတိအကျနှင့် နိုင်ငံရေးအကျဉ်းသား ပါဝင်မှုအခြေအနေ အတိအကျကိုမူ မဲခေါင်က စုံစမ်းနေဆဲဖြစ်သည်။
စစ်ကောင်စီက ယနေ့တွင် အကျဉ်းသား ၄၈၉၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း ကြေညာထားသော်လည်း နိုင်ငံရေးမှုအားလုံးနီးပါးမပါဝင်ကြောင်း ကြေညာထားသည့်အတွက် ပုဒ်မ ၅၀၅ နှင့် ကျခံရသူများသာ ပြန်လည်လွတ်မြောက်ဖွယ်ရှိကြောင်း၊ ယုံကြည်ချက်မတူသူများကို အဓိက တရားစွဲဆိုထားသည့် အကြမ်းဖက်ဥပဒေကဲ့သို့ ပုဒ်မများ မပါသည့်အတွက် နိုင်ငံရေးအကျဉ်းသား အများစု ပါလာဖွယ်မရှိကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက သုံးသပ်သည်။
#MeKongNews
#နှစ်ဆန်းတစ်ရက်နေ့
#လွတ်ငြိမ်းချမ်းသာခွင့်
#လွတ်ငြိမ်း
#နိုင်ကျဉ်း
#ကျိုင်းတုံထောင်








