မဲခေါင်၊ ဧပြီ ၁၆
စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးသည် စစ်ကောင်စီတပ်နှိပ်စက်သည်ကို မခံနိုင်သဖြင့် ပအိုဝ်းတော်လှန်ရေးတပ်ဖွဲ့ဖြစ်သည့် PNLAထံ လက်နက်နှင့်တကွ ထွက်ပြေးလာခဲ့ကြောင်း PNLA က ယနေ့ ရုပ်သံနှင့်တကွ ထုတ်ပြန်
လာသည်။
ထုတ်ပြန်ချက်ရုပ်သံပါ ပအိုဝ်းဘာသာနှင့် ပြောကြားချက်တွင် ၎င်းသည် တောင်ကြီးမြို့တွင် အလုပ်လုပ်နေစဥ် ချစ်သူမိန်းကလေးကို သွားတွေ့ပြီး ပြန်လာရာမှ စစ်ဆေးရေးဂိတ်တွင် အတင်းအဓမ္မစစ်သားအဖြစ် စုဆောင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
၎င်း၏ထွက်ဆိုချက်များထဲတွင် ရှေ့တန်းမတက်ချင်သည့် PNO ပြည်သူ့စစ်များကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ကြောင်း၊ အချို့သော PNO တပ်ဖွဲ့ဝင်များကို အမိန့်မနာခံဟုဆိုကာ စစ်ကောင်စီတပ်က ဓားဖြင့် လက်မောင်းကိုလှီးခြင်း၊ လောက်စာလုံးဖြင့် ခေါင်းကိုပစ်ခြင်း၊ ဝါးဆစ်ပိတ်ဖြင့် ရိုက်ခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း ပြောဆိုသည်။
ထို့အပြင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်များက ကျေးရွာအတွင်းရှိ ပြည်သူများ၏ စည်းစိမ်ပစ္စည်းများကို ခိုးယူခြင်း ဓားပြတိုက်ခြင်းများပြုလုပ်ခဲ့သည်ဟု အလင်းဝင်လာသူ PNO ပြည်သူ့စစ်က ထွက်ဆိုခဲ့သည်။
“သူ့ထွက်ဆိုချက်မှာ စစ်ကောင်စီနဲ့ PNA က ဆီဆိုင်မြို့နယ်ထဲက ကျေးရွာတွေကို ဓားပြတိုက်တာ အိမ်ရှင်ကို သတ်ပစ်တာတွေ ပါတယ်။ ဘုရားကြေးဆင်းတုတောင် ယူတယ်ပြောတယ်” ဟု PNLA ပြောခွင့်ရ ခွန်ရိန်းယံက မဲခေါင်ကို ယနေ့ ဧပြီ ၁၆ ရက်ညတွင် ပြောသည်။
ထွက်ပြေးလာသူမှာ လက်နက်နှင့်အတူ ဧပြီလ ၇ ရက်နေ့က ရောက်ရှိလာခြင်းဖြစ်ပြီး PNLA မှ ဆုငွေများချီးမြှင့်ကာ သွားလိုသည့်နေရာသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
မဟာ
#MeKongNews
#PNO
#ပြည်သူ့စစ်
#စစ်ကောင်စီ
#အလင်းဝင်








