မဲခေါင်၊ ဧပြီ ၁၆
ဧပြီ ၁၅ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ပတ္တယားမြို့ရှိ လူစည်ကားရာ လမ်းမပေါ်တွင် နိုင်ငံခြားသား အမျိုးသားတစ်ဦးကို ဒေသခံထိုင်းများက ဝိုင်းဝန်းထိုးကြိတ်ကြသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး လုံခြုံရေးဝန်ထမ်း ၂ ဦးကို ပတ္တယားရဲစခန်းက ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်တွင် ဆုန်ကရန် သင်္ကြန်ပွဲတော်ကာလ၌ လာရောက်ပျော်ပါးသူ နိုင်ငံခြားသားမှာ ရေကစားရာနေရာတွင် ဘားဆိုင်မှ အမျိုးသမီးဝန်ထမ်း ၂ဦးကို မတော်မလျှော် လိုက်ကိုင်ခြင်းနှင့် ခွင့်ပြုချက်လည်းမရ၊ ယင်းဘားဆိုင်၏ စားသုံးသူလည်း မဟုတ်ပါဘဲ ချီပွေ့မရာမှ အဲကွန်းနှင့် ခေါင်း ထိခိုက်ရာမှ စတင်ခဲ့သည်ဟု သိရသည်။
နိုင်ငံခြားသားလူငယ်သည် လူအုပ်ဝိုင်းအုံနေစဉ်မှာပင် လမ်းလယ်မှ ဘာလဲမွေထိုင်း၊ လာချမယ်ဟု စိန်ခေါ်မှုများလုပ်သလို နောက်ထပ် အမျိုးသမီးဝန်ထမ်းကိုပါ မဖွယ်မရာ လိင်ပိုင်းဆိုင်ရာ စော်ကားသည့် အပြုအမူထပ်လုပ်သဖြင့် အနီးအနားမှ ဖြတ်သွားဖြတ်လာ ဒေသခံများနှင့် နိုင်ငံခြားသား အနည်းငယ်တို့ ထိုးကြိတ်ရန်ဖြစ်ခဲ့ရာ လူမှုကွန်ရက်ပေါ်တွင် ဟိုးလေးတကျော်ပျံ့နှံ့သွားကာ ထိုင်းနိုင်ငံ၏ ပုံရိပ်ကို ညှိုးနွှမ်းစေမှုဖြစ်ပွားခဲ့သည်။
ထို့ကြောင့် လုံခြုံရေး ၂ ဦးကို ကိုယ်တိုင်ပါဝင် ထိုးကြိတ်မှုဖြင့် ပတ္တယားရဲစခန်းမှ ခေါ်ယူစစ်ဆေးခဲ့ရာ တွင် အမူးလွန်နေသော နိုင်ငံခြားသား၏ သီးမခံဖွယ်ရာ ရန်စစော်ကားမှုကြောင့် ယခုလိုဖြစ်ရကြောင်း၊ နိုင်ငံပုံရိပ်ထိခိုက်စေမှု၊ ထိန်းသိမ်းမှုမလုပ်နိုင်ဘဲ ဝင်ပါခဲ့မှုကြောင့် တောင်းပန်ကြောင်း ထုတ်ပြန်ခဲ့ကာ နိုင်ငံခြားသားကိုလည်း အမှုဖွင့်အရေးယူမှု မလုပ်ခဲ့ကြောင်း သိရသည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#ထိုင်းနိုင်ငံ
#ဆုန်ကရန်
#ပတ္တယား
#မွေထိုင်း








