မဲခေါင်၊ ဧပြီ ၁၂
ပြီးခဲ့သည့်ရက်ပိုင်းကပင် ယူကရိန်းစစ်မြေပြင်၌ တရုတ်နိုင်ငံသား စစ်သား ၆ ယောက်ကို ယူကရိန်းဘက်မှ လက်ရဖမ်းဆီးမိပြီး အင်တာဗျူးဗီဒီယိုပင် ထုတ်ပြန်ခဲ့ကာ ယူကရိန်းသမ္မတ ဇီလန်းစကီးက ထောက်လှမ်းရေးအချက်အလက်များအရ ရုရှားဘက်မှ တရုတ်နိုင်ငံသား ကြေးစားစစ်သား အနည်းဆုံး ၁၅၅ ယောက် ဝင်ကူတိုက်ပေးနေသည်ဟု ထုတ်ဖော်ပြောဆိုသွားခဲ့သည်။
ထိုစွပ်စွဲချက်ကို ရုရှားဘက်ကရော တရုတ်ဘက်ကပါ ဘူးခံငြင်းဆိုခဲ့ပြီး ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က တရုတ်သည် မဟာဗျူဟာကျသော မဟာမိတ်၊ မိတ်ဆွေ၊ ရုရှား၏ ရဲဘော်ရဲဘက်ဖြစ်သော်လည်း တရုတ်ကို စစ်အတွင်း ဆွဲမခေါ်သွင်းကြောင်း၊ ဇီလန်းစကီးဘက်မှ နားလည်မှုလွဲခြင်း သို့မဟုတ် လုပ်ကြံထုတ်ပြန်ခြင်းသာ ဖြစ်မည်ဟု တုံ့ပြန်သွားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ဂျီယန်းကလည်း တရုတ်နိုင်ငံသည် ရုရှားနှင့် ယူကရိန်းစစ်ပွဲကို ငြိမ်းချမ်းရေးရရှိရေး အထူးလိုလား ကြိုးစားပေးနေကြောင်း၊ နှစ်ဘက်စလုံးတွင် မိမိတို့ ကြေးစားစစ်သားများ ဝင်ရောက်တိုက်ခိုက်ခြင်း လုံး၀ မရှိစေရေး ကြိုးစားကာကွယ်နေကာ ယခုလို စွပ်စွဲခြင်းသည် တာဝန်မဲ့သော စကားဆိုခြင်းဖြစ်သည်ဟု ဘူးခံငြင်းဆိုသွားခဲ့သည်။
ကိုကလင်း
Ref: matichon
#MeKongNews
#တရုတ်စစ်သား
#ရုရှား
#ယူကရိန်း
#ဇီလန်စကီး








