မဲခေါင်၊ ဧပြီ ၁၀
ကိုးကန့်တပ်ဖွဲ့ – MNDAA ထိန်းချုပ်နယ်မြေ၊ အထူးဒေသ (၁) လားရှိုးမြို့တွင် လူသတ်မှုကျူးလွန်သူ တရားခံ ၅ ဦးကို ဧပြီလ ၁၀ ရက်တွင် လူမြင်ကွင်း၌ သေဒဏ်စီရင်လိုက်သည်။
လားရှိုးမြို့ကို MNDAA အုပ်ချုပ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် လူမြင်ကွင်း၌ သေဒဏ်စီရင်ခြင်းဖြစ်ပြီး ပြစ်မှု ၃ ခုမှ တရားခံ ၅ ဦး အနက် ၅ ဦးကို သေဒဏ်စီရင်လိုက်ခြင်းဖြစ်ကြောင်း MNDAA နှင့် နီးစပ်သည့် သတင်းရင်းမြစ်က မဲခေါင်ကိုပြောသည်။
ပြစ်မှု ၃ ခုကို MNDAA က တရားစီရင်ရာတွင် ပထမအမှုအဖြစ် သမီးအရင်းဖြစ်သူအား အဓမ္မကျင့်သည့်ပြစ်မှု ကျူးလွန်သူကို ထောင်ဒဏ်တစ်သက်၊ ဒုတိယအမှုဖြစ်သည့် ရည်ရွယ်ချက်ရှိရှိ လူသတ်မှုကျူးလွန်သူကို သေဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။
တတိယအမှုမှာမူ ခိုးမှု၊ လုယက်မှု၊ ဓားပြမှု၊ ပြင်းထန်နာကျင်စေမှု၊ လူသတ်မှုများ အကြိမ်ကြိမ်ကျူးလွန်သူ ၆ ဦး ပါဝင်သည့် အမှုဖြစ်ပြီး ပြစ်မှုကျူးလွန်သူ ၆ ဦးထဲမှ လူသတ်ရာတွင် ပါဝင်သူ ၄ ဦးကို သေဒဏ်ချမှတ်ခဲ့ပြီး လူသတ်ရာတွင် မပါဝင်သူ ၂ ဦးကိုမူ တစ်ဦးကို ဆိုင်းငံ့ ၂ နှစ်ဖြင့် သေဒဏ်၊ ကျန်တစ်ဦးကို ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့ကြောင်း သိရသည်။
“တတိယအမှု အမှုတွဲခြောက်ယောက်ပါတဲ့အမှုက သူတို့သတ်ထားတာ လူ ၂၀ လောက်ရှိတယ်။ သေဒဏ် ၂ နှစ်ဆိုင်းငံ့နဲ့ ထောင်တသက်တို့က သူတို့ ၂ယောက်က လူသတ်တဲ့အထဲ မပါလို့ အဲ့လိုဆိုင်းငံ့တာနဲ့ ထောင်တစ်သက်ပြောင်းပေးတာ ဖြစ်ပါတယ်” ဟု MNDAA နှင့် နီးစပ်သူက ရှင်းပြသည်။
သေဒဏ်ချမှတ်ခံရသူ ၆ ဦးစလုံးကို ယနေ့ ဧပြီလ ၁၀ရက် နံနက်ပိုင်းတွင်ပင် လူမြင်ကွင်း၌ သေဒဏ်စီရင်ခဲ့သည်။
ယခင်နှစ် ၂၀၂၄ ခုနှစ် မေလထဲတွင်လည်း MNDAA မှ လူသတ်မှုနှင့် မုဒိန်းမှုကျူးလွန်သူများကို သေဒဏ်ချမှတ် တရားစီရင်ခြင်း ပြုလုပ်ခဲ့သေးသည်။
MNDAA အနေဖြင့် လားရှိုးမြို့နေပြည်သူများကို အေးချမ်းသာယာသော လူမှုဝန်းကျင်နှင့် ဖူလုံပြည့်စုံသော ဘဝများကို တည်ဆောက် ပေးသွားမည်ဖြစ်ပြီး ဒေသတွင်းရှိ လူသတ်၊ ဓါးပြတိုက်၊ အနုကြမ်းစီး၊ ပြန်ပေးဆွဲခြင်း စသော မှုခင်းကြီးများကို ထိရောက်စွာ အရေးယူတိုက်ဖျက်သွားမည်ဟု တရားစီရင်ခြင်း အမိန့်စာတွင် ဖော်ပြထားသည်။
MNDAA အနေဖြင့် လားရှိုးမြို့ အုပ်ချုပ်ရေးကို စစ်ကောင်စီထံ ယခုဧပြီလအတွင်း ပြန်လည်လွှဲအပ်ရမည်ဖြစ်ပြီး ယင်းနောက်တွင် တရားစီရင်ရေးကို မည်သည့်ပုံစံဖြင့် ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်သည်ကို မသိရသေးပေ။
ဂနိုက်
#MeKongNews
#MNDAA
#လားရှိုး
#သေဒဏ်
#လူသတ်မှု








