မဲခေါင်၊ ဧပြီ ၉
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ ပြည်ထောင်စုလမ်းမကြီးတွင် ခရီးသည်ယာဉ်တစ်စီး ဧပြီလ ၈ ရက် ည ၁၀ နာရီခွဲခန့်က ချောက်ထဲကျ တိမ်းမှောက်သဖြင့်၊ ၇ ဦး သေဆုံးကာ ၃ ဦးဒဏ်ရာရရှိကြောင်း မီးသတ်နှင့်ကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
ကျိုင်းတုံ-တောင်ကြီးလမ်း စပါယ်ရှယ် တောင်အဆင်း မိုင်တိုင်အမှတ် ၃၆၆/၆-၇ ကြားတွင် Rozer ၆ဘီး(ခရီးသည်)ယာဉ်သည် လမ်း၏ယာဘက် ပေ ၅၀၀ ခန့်နက်သည့် ချောက်ထဲသို့ထိုးကျသွားခြင်းဖြစ်ပြီး၊ ဒဏ်ရာပြင်းထန်သူအချို့ရှိကြောင်း သွားရောက်ကူညီသူတစ်ဦးက ပြောသည်။
“၁၁ နာရီခွဲလောက် ဖုန်းတက်လာလို့ သွားကူညီခဲ့တယ်။ သေဆုံးသူတွေ လူနာတွေကို ဆေးရုံပို့ပေးခဲ့တယ်။ ဒဏ်ရာတွေတော့ ပြင်းကြတယ်” ဟု ၎င်းက မဲခေါင်ကို ပြောသည်။
ဖြစ်စဥ်အကြောင်းအရာနှင့် သေဆုံး၊ ဒဏ်ရာရ အသေးစိတ်အချက်အလက်များကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ပြီးခဲ့သည့် မတ်လ ၂၀ ရက်ကလည်း ယင်းစပယ်ရှယ်တောင်မိုင်းဇင်းအုပ်စု၊ ပန်လော့(အထက်)ရွာ နတ်စင်ကွေ့၊ မိုင်တိုင်အမှတ်(၄၀၃/၇)နှင့် (၄၀၄/၀) ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး တစ်ဦးသေ ၃ ဦး ဒဏ်ရာရ ဖြစ်စဥ် ဖြစ်ခဲ့သေးသည်။
အလားတူ မတ်လ ၁ ရက်နေ့တွင်လည်း GI Express ခရီးသည်တင်ယာဥ်သည် စပါယ်ရှယ်တောင်၊ လက်ပံကွေ့(၁)၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၆၆မိုင် ၆/၇ ဖာလုံ)ကြားတွင် ချောက်ထဲကျ တိမ်းမှောက်သဖြင့် ၇ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့သေးသည်။
#MeKongNews
#ကျိုင်းတုံ
#စပါယ်ရှယ်တောင်
#ယာဉ်တိမ်းမှောက်
#ရှမ်းအရှေ့








