(ဆောင်းပါး)
တရုတ်သမ္မတ ရှီကျင့်ဖျင်မှာ အိပ်မက်သုံးခု ရှိခဲ့တယ်။ ဘောလုံးဝါသနာအိုးတဦးလည်းဖြစ်တဲ့ ရှီ က ၂၀၁၂ ခုနှစ် သမ္မတဖြစ်လာချိန်ကစလို့ (၁) တရုတ်ဘောလုံးအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်ရမယ်။ (၂) တရုတ်နိုင်ငံက ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ကျင်းပခွင့် ရရမယ်။(၃) ကမ္ဘာ့ဖလားမှာ တရုတ်အသင်း ချန်ပီယံဖြစ်ရမယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့က တရုတ်နိုင်ငံမှာ ကစားတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ တတိယအဆင့်ပွဲစဉ်မှာ တရုတ်အသင်းဟာ ဩစတြေးလျကို (၀-၂) ရှုံးနိမ့်သွားပြီး အုပ်စု(ဂ)ရဲ့ ဘိတ်ဆုံးနေရာကို ရောက်ရှိသွားတယ်။ တတိယဆင့်ပွဲစဉ်တွေ ဆက်ကစားနေကြရာမှာ ထိပ်ဆုံးက ဂျပန်က ရမှတ်(၂၀)နဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်သွားပြီး ဒုတိယနေရာက ဩစတြေးလျက (၁၃)မှတ်ရထားတယ်။ တရုတ်အသင်းက ဇယားအောက်ခြေမှာ ရမှတ် (၆)မှတ်ပဲရထားတယ်။ နောက်ဆုံး နှစ်ပွဲ နိုင်ခဲ့ရင်တောင် ရမှတ်က ဩစတြေးလျကို မမီနိုင်တော့ဘူး။
တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် ဩစီကို လက်ခံကစားရပေမယ့် အခွင့်အရေးမယူနိုင်ဘဲ ရှုံးခဲ့ရတာပါ။ ဒါဟာ သမ္မတ ရှီကျင့်ဖျင် မက်ခဲ့တဲ့အိပ်မက်အားလုံး ပျက်သုန်းသွားခြင်းပါပဲ။ တရုတ်အစိုးရဟာ ဘောလုံးဝါသနာပါတဲ့ ရှီကျင်ဖျင်လိုပဲ ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆယ်စုနှစ်ချီ ငွေကုန်ကြေးကျခံပြီး ကြိုးစားအကောင်အထည်ဖော်ခဲ့ပေမယ့် အကောင်အထည်ပေါ်မလာခဲ့ဘူးလို့ ဆိုရမယ်။
လက်ရှိအခြေအနေမှာ စီးပွားရေးအရ ထိပ်တန်းရောက်ရှိနေပြီး ကမ္ဘာမှာ လူဦးရေအများဆုံးဖြစ်တဲ့ တရုတ်ဟာ ဘောလုံးအားကစားမှာတော့ ထင်တိုင်းမပေါက် ဖြစ်နေပါတယ်။ တရုတ်ကွန်မြူနစ်အစိုးရက အားကစားဖွံ့ဖြိုးတိုးတက်ဖို့ ငွေကြေးအမြောက်အများ ရင်းနှီးမြှုပ်နေသလို (ဘောလုံးကလွဲပြီး) အခြားသောအားကစားတွေမှာ အောင်မြင်မှုတွေ ရရှိနေတယ်။
“တရုတ်အစိုးရရဲ့ ခေါင်းထဲကို တခုခု ဝင်လာပြီဆိုရင် မအောင်မြင်တာ မရှိသလောက်ပဲ။ လျှပ်စစ်ကား ကိုကြည့်။ အိုလံပစ် ကိုကြည့်။ ဘယ်နေရာမဆို လက်တွေ့အားဖြင့် သူတို့ရအောင်လုပ်နိုင်တယ်။ ဒါပေမယ့် ဘောလုံးအောင်မြင်ဖို့တော့ ကွန်မြူနစ်ပါတီက မလုပ်နိုင်ခဲ့ဘူး” လို့ ဘေဂျင်းအခြေစိုက် အားကစားသတင်းထောက် မာ့ခ် ဒရီယာက ဆိုတယ်။
ဘောလုံးဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် တရုတ်ဘောလုံးအဖွဲ့ချုပ်(CFA)ဟာ တရုတ်အစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှုက ကင်းစင်ပြီး လွတ်လပ်မှုရှိရမယ်ဆိုတဲ့ အစီရင်ခံစာတခု ၂၀၁၅ မှာ ထွက်ပေါ်ခဲ့တယ်။
ဘောလုံးအဖွဲ့ချုပ်ဟာ အစိုးရရဲ့စွက်ဖက်မှု ကင်းစင်ရမယ်ဆိုတော့ အောင်မြင်မှုရချင်တဲ့ ရှီကျင့်ဖျင်ကိုယ်တိုင် (ကွန်မြူနစ်ပါတီအနေနဲ့ ခွင့်ပြုခဲတဲ့) “လွတ်လပ်စေ” ဆိုပြီး တရုတ်ဘောလုံးအဖွဲ့ချုပ်(CFA) ကို လွတ်လပ်စွာ စီမံခန့်ခွဲခွင့်ပေးခဲ့တယ်။ ဒါပေမယ့် တရုတ်အားကစား အထွေထွေအုပ်ချုပ်ရေးအဖွဲ့(GAS)ဟာ အားကစားအဖွဲ့အားလုံးကို အမြဲတစေ စောင့်ကြည့်နေပြီး အထက်ကို အစီရင်ခံနေရဆဲဖြစ်တယ်။
တရုတ်အသင်းအတွက် ရှက်စရာအကောင်းဆုံး ရှုံးပွဲတပွဲက ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ဂျပန်မှာ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ပါ။ စိုင်တမကွင်းမှာ ကစားတဲ့ ဒီပွဲမှာ တရုတ်အသင်းဟာ ပွဲပြီးဖို့ တစ်မိနစ်အလို အထိ ဂျပန်ကို (၆-၀)နဲ့ ရှုံးနေတယ်။ ကွင်းထဲကစားနေတဲ့ တရုတ်ကစားသမားတွေလည်း ပွဲမြန်မြန်ပြီးချင်နေပြီ။ ဒီအချိန်မှာ ဂျပန်မက်ဆီလို့ တင်စားကြတဲ့ ဂျပန်ကစားသမား ကူဘိုက နောက်ဆုံးပွဲသိမ်းဂိုး ထပ်သွင်းလိုက်တဲ့အခါ ရလဒ်က (၇-၀) ဖြစ်သွားတယ်။ ဒီရှုံးနိမ့်မှုဟာ တရုတ်နိုင်ငံကို အရှက်အကြီးအကျယ်ရစေတဲ့ ရှုံးနိမ့်မှုပါ။ သမိုင်းအရ တရုတ်နဲ့ ဂျပန်က ရန်သူတွေပါ။
အဲဒီပွဲက ပြန်လာပြီး တစ်ပတ်အကြာမှာတော့ တရုတ်ဘောလုံးသမားတွေ၊ နည်းပြ၊ အုပ်ချုပ်သူတွေ အများအပြား ဖမ်းဆီးခံလိုက်ရပါတယ်။ အကြောင်းရင်းကတော့ ပြည်တွင်းလိဂ်တွေမှာ လုပ်ပွဲကစားမှု၊ လာဘ်ပေးလာဘ်ယူမှု၊ လောင်းကစားမှုတွေ ကျူးလွန်ခဲ့တဲ့အတွက် ဖြစ်တယ်လို့ သိရတယ်။
တရုတ်ဘောလုံးအသင်း အောင်မြင်မှုမရတဲ့ အဓိကအချက်တချက်က ကွန်မြူနစ်ပါတီရဲ့ ဝင်ရောက်စွက်ဖက်မှုပါ။ လက်ရှိ တရုတ်ဘောလုံးအဖွဲ့ချုပ်(CFA)ဥက္ကဌ ဆောင်ကိုင်း ဟာ ကွန်မြူနစ်ပါတီ လက်ထောက်အတွင်းရေးမှူးတဦးပါ။ ဆောင်ကိုင်းရဲ့ လုပ်ဆောင်ချက်မှန်သမျှကို အထွေထွေအားကစာအုပ်ချုပ်ရေးအဖွဲ့ (GAS) က အမြဲစောင့်ကြည့်နေတယ်။
“အားလုံးကို အထက် ကွန်မြူနစ်ပါတီခေါင်းဆောင်တွေဆီ တင်ပြရတယ်။ လွယ်လွယ်ပြောရရင် ဘောလုံးနားမလည်တဲ့သူတွေက ဘောလုံးကိစ္စတွေကို ဆုံးဖြတ်နေတာပေါ့။ ဘောလုံးက အောက်ခြေအဆင့်(grassroots)ကနေ စတင်ရတယ်။ ပိရမစ်အောက်ခြေလို ခိုင်မာပြီးမှ အထက်ကို သွားရမယ်” လို့ အားကစားသတင်းထောက် ဒရီယာက ဆိုတယ်။
ဘောလုံးဖွံ့ဖြိုးတဲ့ နိုင်ငံအားလုံးကိုကြည့်လိုက်ရင် ပိရမစ်ပုံစံ လိဂ်တွေနဲ့ တည်ဆောက်ထားကြတာချည်းပဲ။ ထိပ်ဆုံးမှာ အကောင်းဆုံးအသင်းတွေပါဝင်တဲ့ လိဂ်ရှိပြီး အောက်ဆုံးမှာ ဆီမီး ပရော်ဖက်ရှင်နယ်နဲ့ အပျော်တမ်းအသင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိကြတယ်။
“ဘောလုံးတိုးတက်တဲ့ ဘယ်နိုင်ငံကိုမဆို ကြည့်လိုက်ရင် နှစ်ပေါင်း ၁၀၀ကျော်အတွင်း အောက်ခြေအဆင့်ကနေ သဘာဝအလျောက် ဖွံ့ဖြိုးလာခဲ့ကြတာချည်းပဲ။ တရုတ်ပြည်က ပရော်ဖက်ရှင်နယ်ဘောလုံးက ပိရမစ် ပြောင်းပြန်လှန်ထားသလို ဘာအထောက်အကူမှ မရဘူး” လို့ ရိုဝမ်ဆိုင်မွန် ဆိုသူ အားကစားဆောင်းပါးရှင်က ဆိုတယ်။
စာရင်းဇယားအရ အင်္ဂလန်မှာ မှတ်ပုံတင်ထားတဲ့ ဘောလုံးသမား ၁.၃ သန်း ရှိနေချိန်မှာ တရုတ်တနိုင်ငံလုံး မှတ်ပုံတင်ထားတဲ့ ကစားသမား ၁၀၀၀၀၀ တောင် မပြည့်ဘူးလို့ ဆိုတယ်။ တရုတ်လူဦးရေက အင်္ဂလန်ထက် အဆ ၂၀ မက ပိုများတယ်။
“ဒီက ကလေးတွေက ဘောလုံးနဲ့ ခြေထောက်ထိပြီး ကြီးလာကြတာမဟုတ်ဘူး။ ဒီလိုမျိုး အခြေအနေမရှိဘဲနဲ့ ပါရမီရှိတဲ့ ထိပ်တန်းကစားသမားတွေ ထွက်လာစရာ မရှိဘူး” လို့ အားကစားသတင်းထောက် ဒရီယာက ဆိုတယ်။
“ဥရောပနဲ့ တောင်အမေရိက ထိပ်တန်းဘောလုံးနိုင်ငံတွေကို ကြည့်လိုက်ရင် ဘောလုံးက လမ်းမတွေပေါ်မှာ၊ ပန်းခြံတွေမှာ၊ မြို့တွေ၊ ရွာတွေကစပြီး မြစ်ဖျားခံကြတာချည်းပဲ။ တရုတ်မှာတော့ ဘေဂျင်းလောက်ပဲ ဘောလုံးကို အားပေးတယ်” လို့ သူက ဆက်ပြောတယ်။
၁၉၉၀ ပြည်လွန်နှစ်တွေကစပြီး တရုတ်မှာ ပရော်ဖက်ရှင်နယ် ဘောလုံးပြိုင်ပွဲတွေ စတင်ခဲ့တယ်။ ဒါပေမယ့် အဓိကမြို့ကြီးတချို့က လက်တဆုပ်စာအသင်းတွေလောက်သာ ပါဝင်ပြီး အောက်ခြေအဆင့်(grassroots) ကို လျစ်လျူရှုထားတယ်။
တရုတ်စူပါလိဂ်ဟာ ၂၀၁၀ ခုနှစ်လောက်မှာ ပရိသတ်အားပေးမှုအမြင့်ဆုံး ဖြစ်ခဲ့သလို ကမ္ဘာကျော် ဘောလုံးသမားတွေကိုလည်း ဈေးကြီးပေး ခေါ်ယူခဲ့တယ်။ တရုတ်စီးပွားရေးဖွံ့ဖြိုးလာတာနဲ့အမျှ နိုင်ငံပိုင်ကုမ္ပဏီတွေက ဘောလုံးအသင်းတွေမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံခဲ့ကြတယ်။ ကိုဗစ်ကပ်ရောဂါကျရောက်ခဲ့ပြီး စီးပွားရေးပြန်ကျသွားပြီးနောက်မှာတော့ ကလပ်အသင်း ၄၀ ကျော်ဟာ ကုမ္ပဏီတွေရဲ့ အထောက်အပံ့ ရုပ်သိမ်းခံလိုက်ရတယ်။
၂၀၁၅ ခုနှစ်တုန်းက အီတလီကလပ် အင်တာမီလန်ကို ပိုင်ဆိုင်ခဲ့ဖူးတဲ့ Suning Appliance Group ဟာ ကျန်းစု (Jiangsu FC) အသင်းကို ဝယ်ယူခဲ့တယ်။ ဒီအသင်းက ၂၀၂၀ မှာ စူပါလိဂ် ချန်ပီယံဖြစ်ခဲ့တယ်။ ဒါပေမယ့် လအနည်းငယ်ကြာတဲ့အခါ သူတို့ ဒီအသင်းကို ဆက်လက်တာဝန်မယူတော့ဘဲ သူတို့စီးပွားရေးလုပ်ငန်းကိုသာ အာရုံစိုက်တော့မယ်လို့ ဆိုတယ်။
အဖြစ်ဆိုးတာကတော့ “ကွမ်ကျိုး အဲဗားဂရမ်ဒီ” (Guangzhou Evergrande) အသင်းပဲ။ ဒီအသင်းက တရုတ်ကလပ်အသင်းတွေထဲမှာ အအောင်မြင်ဆုံးအသင်းလို့ ဆိုရမယ်။ တရုတ်နိုင်ငံရဲ့ အကြွယ်ဝဆုံး အိမ်ခြံမြေကုမ္ပဏီ Evergrande Group ရဲ့ ပံ့ပိုးမှုနဲ့ တည်ဆောက်ထားတဲ့ ဒီအသင်းဟာ အီတလီက မာဆယ်လို လစ်ပီ၊ ဖေဘီယိုကန်နာဗာရိုး စတဲ့ နာမည်ကျော်နည်းပြတွေနဲ့ ဖလားတွေ တခုပြီးတခု ရယူခဲ့တယ်။
ဒါပေမယ့် ဒီအသင်းရဲ့ မိခင်ကုမ္ပဏီ အဲဗားဂရမ်ဒီ ဟာ တရုတ်နိုင်ငံမှာ အိမ်ခြံမြေဈေးကွက် ရုတ်တရက်ပြိုကွဲပျက်စီးပြီး အကြွေးဘီလျံ(၃၀၀) ထိတင်သွားသလို အသင်းကိုလည်း ဆက်လက်မပံ့ပိုးနိုင်တော့ဘူး။
ပိုင်ရှင်အသစ်နဲ့ အသင်းဟောင်း (Guangzhou) ကွမ်ကျိုးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ လိဂ်ကနေ ထုတ်ပယ်ခံလိုက်ရတယ်။ ရှစ်ကြိမ်အထိ ချန်ပီယံဖြစ်ဖူးတဲ့ ကွမ်ကျိုးအဲဗားဂရမ်ဒီ အသင်းဟာ ခုထိ အကြွေးတွေပြန်မဆပ်နိုင်သေးဘူး။
ဒါက တရုတ်ဘောလုံးလောကမှာ ဖြစ်ပျက်နေတဲ့ တခုတည်းသောကိစ္စ မဟုတ်သေးဘူး။ တခြားပြဿနာတခုက “လာဘ်ပေးလာဘ်ယူ” ကိစ္စပါ။
“ကျနော် မှန်ကန်တဲ့ လမ်းကြောင်းပေါ်က လျှောက်ခဲ့သင့်တယ်။ ဒါပေမယ့် အဲဒီအချိန်က ထုံးစံလိုဖြစ်နေတဲ့ အလေ့အထနောက် လိုက်မိသွားတယ်” လို့ တရုတ်အသင်းနည်းပြဟောင်း လီတိုင်းက မှတ်တမ်းရုပ်သံတခုမှာ ဆိုတယ်။ မှတ်တမ်းရုပ်သံမှာ ပြောပြချက်တွေအရ လီတိုင်းဟာ နှစ်ပေါင်းများစွာ လုပ်ပွဲတွေကစားခဲ့ပြီး ၂၀၁၉ မှာ တရုတ်လက်ရွေးစင်အသင်းနည်းပြဖြစ်ဖို့ ယွမ် (၃)သန်း လာဘ်ထိုးခဲ့ရတယ်လို့ ဝန်ခံထားတယ်။
လီတိုင်းဟာ ကမ္ဘာ့ဖလားမှာ ပါဝင်ကစားခဲ့ဖူးတဲ့ တရုတ်လက်ရွေးစင်ဟောင်းဖြစ်ပြီး ပရီးမီးယားလိဂ် အဲဗာတန်အသင်းမှာလည်း ကစားခဲ့ဖူးသူဖြစ်တယ်။ သူ့ကို မနှစ်က တရုတ်ဘောလုံးလောကမှာ မရှိသေးတဲ့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးအရေးယူခဲ့တယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ သူဟာ ထောင်ဒဏ် နှစ်(၂၀)ချမှတ်ခံလိုက်ရတယ်။ မှတ်တမ်းရုပ်ရှင်အရ အံ့အားသင့်ဖွယ် လာဘ်စားမှုနဲ့ အရေးယူခံရသူတွေထဲမှာ တရုတ်ဘောလုံးအဖွဲ့ချုပ်(CFA)ဥက္ကဌဟောင်း ချန်ရှုယွမ် နဲ့ အားကစားအုပ်ချုပ်ရေးအဖွဲ့(GAS) က လက်ထောက်ညွှန်မှူးဟောင်း ဒူ ကျောက်ကိုင် တို့ပါဝင်နေတာပဲ ဖြစ်တယ်။
တရုတ်ရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားအိပ်မက်က ပြီးဆုံးသွားခဲ့ပါပြီ။ အလားတူ ရှီကျင့်ဖျင်ရဲ့ အိပ်မက်ကလည်း အကောင်အထည်ပေါ်ဖို့ ဖြစ်နိုင်ချေ မရှိသလောက်ဖြစ်သွားပါပြီ။ ၂၀၃၀၊ ၂၀၃၄ ကမ္ဘာ့ဖလားအိမ်ရှင်နိုင်ငံတွေကို ဖီဖာက သတ်မှတ်ထားလိုက်ပြီဖြစ်ပြီး နောက်ဆုံး ၂၀၃၄ ကမ္ဘာ့ဖလားကို ဆော်ဒီအာရေဗျက ကျင်းပခွင့်ရသွားပြီဖြစ်တယ်။
CWM
#MeKongNews
#မဲခေါင်ဆောင်းပါး
#တရုတ်ဘောလုံး
#ရှီကျင့်ဖျင့်
#အိပ်မက်
#ကျဆုံးခန်း








