မဲခေါင်၊ ဧပြီ ၇
ငလျင်ဒဏ်သင့် အင်းလေးဒေသတွင် ပျက်စီးသွားသည့် နေအိမ်များအတွက် ယာယီနေအိမ်များဆောက်လုပ်ကာ နေထိုင်ရေးအခက်အခဲကို ဖြေရှင်းကြချိန်တွင် ဝါးလုံးလိုအပ်ချက်ရှိနေကြောင်း ဒေသခံများနှင့် ဒေသတွင်းကူညီနေသူများထံမှ သိရသည်။
အင်းလေးဒေသတွင် မတ်လ ၂၈ရက် ငလျင်ကြောင့် နေအိမ် ၂ထောင်ကျော် ပျက်စီးသွားကြောင်း၊ နေအိမ်ပျက်စီးသွားသည့် မိသားစုများအတွက် အနည်းဆုံးတစ်နှစ်ခန့် ခံနိုင်ရည်ရှိသည့် ယာယီနေအိမ်များ ဆောက်လုပ်ပေးရန် ကြိုးပမ်းနေပြီး ယင်းအတွက် ဝါးလုံးလိုအပ်ချက် မြင့်နေခြင်းဖြစ်ကြောင်း အင်းကြီး (ရွာငံ) ဒေသခံတစ်ဦးက ပြောသည်။
“ဒေသ အိမ်ခြေ ၂၀၀၀ ကျော်ဟာ ပြန်လည်မတည်ဆောက်နိုင်သေးခင်အထိ ယာယီတဲအိမ်ဆောက်ပြီး နေထိုင်ရမှာပါ။ အဲဒီအတွက် အင်းလေး ဝါးလိုအပ်ချက် ဒီကာလမှာ အတော်ကြီးမားနေပါတယ်။ အင်းလေးဝန်းကျင်မှာရှိတဲ့ ဝါးနဲ့ မလုံလောက်နေပါဘူး။ အင်းသား ဖျားနေရင် ဓနုဆေးကူတိုက်ပေးရမှာပေါ့ဗျ” ဟု ၎င်းကပြောသည်။
အင်းလေးဒေသတွင် ယာယီအိမ်များတည်ဆောက်ရာ၌ ဝါးနှင့် သက်ကယ်ကို အဓိက အသုံးပြုကာ တည်ဆောက်ခြင်းဖြစ်ပြီး ယာယီရိုးရိုးတဲအိမ်မှာ ကျပ် ၁၀ သိန်းကျော်ခန့်ကုန်ကျနိုင်ကြောင်း၊ အိမ်ခေါင်တိုင် ၂၂ ပေ ၊ အလျား ၂၂ ပေ၊ အနံ ၁၈ ပေ ရှိ ခိုင်မာသည့် ယာယီနေအိမ်အဆင့် ဝါးအိမ် တစ်လုံးလျင် ကို ကျပ် ၄၅ သိန်းဝန်းကျင် ကုန်ကျနိုင်ကြောင်း၊ ယင်းကဲ့သို့ အိမ်တစ်လုံးဆောက်နိုင်ရန်အတွက် ဝါးအကြီး ၃၅ လုံး ၊ ဝါးအသေး အလုံး ၇၀ နှင့် အမိုးအောက်ခံဝါး အလုံး ၂၀ ကုန်မည်ဖြစ်ကြောင်း သိရသည်။
အင်းလေးဒေသအတွက် လိုအပ်သည့် ဝါးများကို ကလောနှင့် ရွာငံဘက်မှ ဝယ်ယူသယ်ဆောင်ရန် ပြင်ဆင်နေပြီး အလှူရှင်များအနေဖြင့်လည်း ဝါးလှူဒါန်းမှုများ ရှိကြောင်း၊ သို့သော်ယခုရက်ပိုင်းအတွင်း မိုးရွာနေသည့်အတွက် သယ်ယူရန်အခက်အခဲရှိနေကြောင်း အင်းလေးဒေသ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
ငလျင်လှုပ်ပြီးကာစက ဒေသတွင်း ဝါးနှင့် သက်ကယ်ဈေးများ ၂ ဆ ကျော်မြင့်တက်လာသော်လည်း ဧပြီလ ၆ ရက်က တွေ့ဆုံညှိနှိုင်းမှုကြောင်း ဝါးနှင့် သက်ကယ် ဈေးပြန်ကျလာကြောင်း၊ သို့သော် ဈေးပြန်ကျလာသည့် ဝါးဈေးပင်လျင် ငလျင်မလှုပ်မီက ဝါးဈေးထက် များနေသေးကြောင်း ၎င်းကပြောသည်။
ဈေးကွက်အတွင်း လက်ရှိတွင် ဝါးတစ်လုံးလျင် ကျပ် ၅ ထောင်မှ ၇ ထောင်အထိရှိနေပြီး သက်ကယ်အချပ်တစ်ရာလျင် ကျပ် ၆ သောင်းခန့်ရှိကြောင်း၊ ငလျင်လှုပ်ပြီးကာစက ဝါးတစ်လုံးလျင် ကျပ်တစ်သောင်းခန့်၊ သက်ကယ်တစ်ရာလျင် ကျပ် ၇ သောင်းမှ ၉ သောင်းအထိနှုန်းဖြင့် ရောင်းချကြောင်း စုံစမ်းသိရသည်။ ငလျင်မလှုပ်မီကမူ ဝါးတစ်လုံးလျင် ကျပ် ၄ ထောင်မှ ၅ ထောင်၊ သက်ကယ်တစ်ရာလျင် ကျပ် ၃ သောင်းခွဲသာ ရှိကြောင်း သိရသည်။
အင်းလေးဒေသတွင် ဝါးလိုအပ်ချက်အပြင် တချို့တဝက်ပျက်စီးသွားသည့် နေအိမ်များကို ပြန်လည်ပြုပြင်ရန်အတွက် ကျွမ်းကျင်လက်သမားလိုအပ်ချက်ရှိနေပြီး စက်ယန္တရားနှင့် အိမ်ဆောက်ပစ္စည်းများလည်း လိုအပ်နေကြောင်း သိရသည်။
ဧပြီ၄ ရက်တွင် ကွန်းဟိန်းမြို့၊ ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်းမှ ကနဦးကောက်ယူရရှိသည့် စာရင်းများအရ ငလျင်ဘေးဒဏ်ကြောင့် အင်းလေးဒေသရှိ ကျေးရွာ ၂၈ ရွာတွင် အိမ်ခြေ ၂၃၃၈ လုံးဝပျက်စီးသွားကာ ၁၀၄၅ အိမ်မှာ တဝက်တပျက် ပျက်စီးသွားကြောင်း၊ သေဆုံးသူ ၉၅ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၁၁၁ ဦး ရှိကြောင်း သိရသည်။
မဟာ
#MeKongNews
#အင်းလေးဒေသ
#စစ်ကိုင်းငလျင်
#ဝါးလုံးလိုအပ်ချက်
#သက်ကယ်
#ယာယီနေအိမ်








