မဲခေါင်၊ ဧပြီ ၆
ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်အတွင်း တရုတ်လူမျိုး ရာချီရောက်နေပြီး တရုတ်ထုတ်ကားများနှင့် သစ်များကို တစ်ရက်လျင် ၁၀ စီးမှ ၃၀ စီး ထုတ်ယူသယ်ဆောင်နေကြောင်း ဒေသခံများထံက သိရသည်။
မိုင်းပန်မြို့နယ်အတွင်းပါဝင်သည့် သံလွင်မြစ်အနောက်ဘက်ကမ်းမှ ကျွန်း၊ ပိတောက်၊ သစ်မာ စသည့် သစ်မျိုးစုံကို ချိန်းဆော၊ ပတ်လွှ၊ လွှဝိုင်းအများအပြားဖြင့် အချောထည်အထိထုတ်ကာ သယ်ယူနေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“သူတို့က ညမှ သယ်တာ၊ မြို့ထဲဖြတ်သယ်တာ၊ ညတိုင်း ဆူညံနေတာပဲ။ လမ်းတွေလည်း ချိုင့်တွေ ဖြစ်ကုန်ပြီ။ တရုတ်တွေက စကားပြန်တွေနဲ့ မြို့ထဲလာတာ၊ တစ်ညမထုတ်ဘူးဆိုရင် အနည်းဆုံး ၁၀ စီးပဲ၊ တရုတ်ထုတ်ကားတွေများတယ်” ဟု ၎င်းက မဲခေါင်ကို ပြောသည်။
သစ်ထုတ်လုပ်မှုမှာ မတ်လအတွင်း စတင်များပြားလာခြင်းဖြစ်ပြီး တရုတ်လူမျိုးအများအပြား ရောက်ရှိလာပြီးနောက် အရှိန်အဟုန်ဖြင့် ထုတ်နေခြင်းဖြစ်ကြောင်း၊ မိုင်းပန်မြို့ပတ်ပတ်လည် အထူးသဖြင့် မြို့အရှေ့ဘက် သံလွင်မြစ်အနောက်ဘက်ကမ်းခြေတစ်လျှောက်နှင့် နောင်ဟီး၊ နားမွန်နှင့် နောင်လွန်းအုပ်စုများမှ ထုတ်ယူနေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
သစ်ကို အလုံးလိုက် အကြမ်းထည်ထုတ်ယူခြင်း မဟုတ်ဘဲ သစ်ဖြတ်လက်ကိုင်ချိန်းဆောများ၊ သစ်ရွေသည့် ပတ်လွှအကြီး ၁၀ ခုကျော်နှင့် ၂ ပေ ၃ ပေ လွှဝိုင်းသစ်ခွဲရုံ ၃၀ ကျော်ဖြင့် တရစပ် နေ့ညထုတ်နေခြင်း ဖြစ်ကြောင်း ဖြစ်စဉ်ကို သိရှိသည့် ဒေသခံတစ်ဦးက ပြောသည်။
“လူသုံး အချောထည်တွေ၊ ၃ ပေ ၄ ပေ ပါကေးတွေ စည်းပြီး တင်တာ။ အရင်က ၅ ပေ ရှိမှ ခုတ်တာ၊ ခုတော့ ဘာမှမချန်ဘူး” ဟု ၎င်းက ပြောသည်။
တောတွင်းမှ ၃ ကရောင်းခေါ် ကားကြီးများဖြင့် သယ်ဆောင်လာပြီး မိုင်းပန်မြို့အဝင်နားတွင် ၁၂ ဘီးကားများအပေါ် ပြောင်းရွှေ့သယ်ယူခြင်းဖြစ်ကြောင်း ကားတစ်စီးလျှင် တန် ၃၀ ဝန်းကျင်အထိ တင်ဆောင်ကြောင်း သိရသည်။
အိမ်သုံးသစ်တင်ကားအချို့မှာ ကျိုင်းတောင်းဘက်သို့ သယ်ဆောင်ပြီး ပါကေးတင်ကားအများစုမှာ မိုင်းပန်မြို့အနောက်ဘက် မိုင် ၃၀ ကွာဝေးသည့် လင်းခေးမြို့ဘက်သို့ သယ်ဆောင်နေကြသည်ဟု ဆိုသည်။
မိုင်းပန်မြို့နယ်မှာ RCSS ၏ အဓိက ၈၀၁ စစ်နယ်မြေဖြစ်ပြီး စစ်ကောင်စီ၏ ခိုလန်အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) နယ်မြေအတွင်းပါဝင်ကာ မြို့ပေါ်၌ စကခ ၁၇ အခြေပြုထားသည့် မြို့ဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် အလွန်အကျွံ သစ်ခိုးထုတ်မှုများ၊ အထိန်းအကွပ်မဲ့ သယံဇာတ တူးမှုများကြောင့် နိုင်ငံတစ်ဝန်း သစ်တောပြုန်းတီးမှုမှာ မခန့်မှန်းနိုင်အောင်များပြားနေပြီး ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် သစ်တောဧရိယာ ဟက်တာ ၃၀၇၀၀၀ (ဧက ၇၅၈၀၀၀ ကျော်) ပြုန်းတီးခဲ့ပြီး ယင်းထဲတွင် ရှမ်းပြည်မှ အများဆုံးဖြစ်ကြောင်း သိရသည်။
#MeKongNews
#မိုင်းပန်
#တရားမဝင်သစ်
#တရုတ်
#ကျွန်း
#ပိတောက်
#ရှမ်းပြည်
ပုံအညွှန်း – ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌သစ်တောပြုန်းတီးမှုအများဆုံးမှာ ရှမ်းပြည်ဖြစ်သည် (Global Forest Watch)








