မဲခေါင်၊ ဧပြီ ၃
စစ်ကောင်စီက လှန်ရေးတပ်ဖွဲ့များနှင့် ဖြစ်ပွားနေသည့်တိုက်ပွဲများတွင် ဧပြီ ၂ ရက်မှစတင်ကာ ရက်ပေါင်း ၂၀ အပစ်ရပ်ကြောင်း ဧပြီ ၂ ရက် ညပိုင်းကထုတ်ပြန်ထားသော်လည်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ထိုးစစ်များပြုလုပ်နေသည်။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ထဲကို ဧပြီလ ၃ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်လေယာဉ်က ဗုံးသီး ၃၁ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း လေကြောင်းအသိပေးချန်နယ် NAS(နပ်စ်)က ထုတ်ပြန်ထားသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ရှိ ဝမ်ပေါင်ကြေးနီစီမံကိန်းနှင့် ၅ ကီလိုမီတာ (၃ ဒဿမ ၁ မိုင်ခန့်) အကွာတွင် စစ်ကောင်စီဘက်မှာ ကြေးနီထုတ်ယူရန် စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းကြောင့် တော်လှန်ရေးတပ်များ၏ ကာကင်းများနှင့် ဧပြီလ ၂ ရက်နေ့ ညပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
“သူတို့ကားတွေနဲ့သယ်ဖို့အတွက် စစ်ကြောင်းထိုးရှင်းတာ အဲ့တာထုံးစံပဲလေ။ မနေ့ညကတည်းက ရှင်းနေကြတာ၊ ပစ်ခတ်နေကြတာ၊ သူတို့ကစစ်ကြောင်းထိုးတော့ ဒီဘက်က ကာကင်းတွေနဲ့ တိုက်ပွဲဖြစ်နေကြတာ” ဟု ဖြစ်စဉ်သိရှိသူဒေသခံတစ်ဦးက မဲခေါင်ကိုပြောသည်။
ယနေ့ ဧပြီလ ၃ ရက်နေ့ နေ့လယ်ပိုင်း ၁၂ နာရီ ၃၀ မိနစ်ခန့်တွင်လည်း မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲသို့ ဗုံးသီး ၃ လုံးကြဲချတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုနောက်ဆက်တွဲအား မသိရသေးကြောင်း ဒေသခံတစ်ဦးက မဲခေါင်ကိုပြောသည်။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ လမြန်ရွာဝန်းကျင်ရှိ စစ်ကောင်စီတပ်များက အပစ်အခတ် ယာယီရပ်ထားသည့် KIA တပ်များရှိရာသို့ ဧပြီလ ၃ ရက် မနက် ၈ နာရီခန့်တွင် လက်နက်ကြီးပစ်ခတ်မှုများနှင့် မြေပြင်ထိုးစစ်များ ပြုလုပ်နေကြောင်း KIO ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ၎င်း၏လူမှုကွန်ရက်တွင် မျှဝေထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ မှ ထိုးစစ် ၂ ပတ် ရပ်ရန်နှင့် မြောက်ပိုင်းညီနောင် ၃ ဖွဲ့တို့မှ တစ်လ၊ ကေအိုင်အိုင်မှ ရက်ပေါင်း ၂၀ အပစ်ရပ်ထားမည်ဖြစ်ပြီး စစ်ကောင်စီတပ်ကတော့ ရက်ပေါင်း ၂၀ အထိအပစ်ရပ်မည်ဖြစ်ကြောင်း အသီးသီးထုတ်ပြန်ခဲ့ကြကြီး စတင်တိုက်ခိုက်ပါက ပြန်လည်တိုက်ခိုက်မည်ဖြစ်ကြောင်း တပ်အားလုံး၏ အပစ်ရပ်ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
မတ်လ ၂၈ ရက်နေ့တွင်လှုပ်ခတ်ခဲ့သော ၇.၇ ရစ်ချ်တာစကေးရှိ ပြင်းအားမြင့်ငလျင်ကြောင့် မြန်မာနိုင်ငံတဝှမ်းရှိဒေသအသီးသီး၌ ငလျင်ဒဏ်ခံစားခဲ့ရသောကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် တော်လှန်ရေးတပ်အသီးသီးမှအပစ်ခဲ့ကြခြင်းဖြစ်ပြီး စစ်ကောင်စီကတော့ နိုင်ငံတကာဖိအားများကြောင့် အပစ်ရပ်ခဲ့ရသည်။
မဲခေါင်သတင်းဌာန၏သတင်းရင်းမြစ်များထံမှ စုဆောင်းရရှိထားသော စာရင်းများအရ စစ်ကောင်စီအပစ်ရပ်ကြောင်း ထုတ်ပြန်သည့် ဧပြီ ၂ ရက် ညပိုင်းမှ စတင်ကာ ဆောဒေသ၊ မိုးကုတ်ဒေသ၊ နောင်ချိုဒေသနှင့် အညာဒေသတို့အား လေကြောင်းဝဲပတ်ပျံဝဲကာ ကင်းထောက်မှုများပြုလုပ်နေသည်။
ဂနိုက်
#MeKongNews
#စစ်ကောင်စီ
#ထိုးစစ်
#အပစ်ရပ်
#စစ်ကိုင်းငလျင်








