မဲခေါင်၊ ဧပြီ ၂
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ဟိုပုံးမြို့တွင်ငလျင်ကြောင့် မြို့၏အထင်ကရဖြစ်သည့် သမိုင်းဝင်မွေတော် ဘုရားစေတီတော်ထီးတော်မြေခခဲ့ရသော်လည်း ဘုရားရှေ့မှာပင် ဗဟိုမဏ္ဍပ်ဆောက်၍ ပျော်ပွဲရွှင်ပွဲ ပြုလုပ်ရန်စီစဉ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းဗဟိုမဏ္ဍပ်ကို ဟိုပုံးမြို့၊ အနောက်ရပ်တွင် ဆောက်လုပ်နေခြင်းဖြစ်ပြီး အခြားသော အလှူကဲ့သို့ ပွဲလမ်းသဘင်များလည်း ပြုလုပ်လျက်ရှိကာ လာမည့်သင်္ကြန်တွင် ကပြဖျော်ဖြေရန် ရပ်ကွက်အလိုက် ယိမ်းများလေ့ကျင့်နေကြသည်ဟု ဒေသခံတစ်ဦးကဆိုသည်။
“အလှူကတော့ အရင်ထဲက စီစဥ်ထားလို့ လုပ်တယ်ထားပါတော့။ ဒီသင်္ကြန်ပွဲကတော့ မလုပ်သင့်ဘူးလေ။ အပျော်အပါးမပါဘူးဆိုပေမယ့် တစ်တိုင်းပြည်လုံး နာရေးဖြစ်နေတာလေ။ မလုပ်ရလည်း ဘာမှမဖြစ်တာကို” ဟု ၎င်းကပြောသည်။
မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် စစ်ကိုင်းငလျင်ကြောင့် ဟိုပုံးမြို့ရှိ သမိုင်းဝင် ဟိုပုံးမွေတော် (သီရိမင်္ဂလာရွှေချမ်းသာ) စေတီ၏ ထီးတော်မြေခပျက်စီးခဲ့ရသည်ကို ပြုပြင်ရန်အတွက် ဘုရားရန်ပုံငွေမှ ကျပ်သိန်း တစ်သောင်းထုတ်ယူသုံးစွဲရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်းသိရပြီး အမှန်တစ်ကယ် ကုန်ကျစရိတ်မှာ သိန်း ၅၀၀၀ ခန့်သာ ရှိမည်ဟု ဟိုပုံးဒေသခံများက ခန့်မှန်းထားကြကြောင်း သိရသည်။
ရှမ်းပြည်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် UWSA၊ NDAA၊ MNDAA နှင့် TNLA တို့ ထိန်းချုပ်ထားသည့် နယ်မြေများတွင် ငလျင်ဘေးသင့်သူများကို စာနာသည့်အနေဖြင့် သင်္ကြန်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ ဖျက်သိမ်းကြောင်း ကြေညာထားသည်။
မဟာ
#MeKongNews
#စစ်ကိုင်းငလျင်
#ဟိုပုံးမြို့
#သင်္ကြန်
#သီရိမင်္ဂလာရွှေချမ်းသာ








