မဲခေါင်၊ ဧပြီ ၁
ရှမ်းပြည်တောင်ပိုင်း၊ ကလော-အောင်ပန်းကြားရှိ မီးရထားလမ်း တဖက်စီ ပေ ၅၀ အတွင်း ဆောက်လုပ်ထားသည့် အဆောက်အဦနှင့် မြေနေရာများကို ၁၅ ရက်အတွင်း ဖယ်ရှားပေးရမည်ဟု ကလော မီးရထား၊ တိုင်း ၄၊ အင်ဂျင်နီယာမှူး (မြို့ပြ)ရုံးက မတ်လ ၂၆ ရက်နေ့တွင် အမိန့်ထုတ်လာကြောင်း ယင်းစာရသူများက မဲခေါင်သတင်းဌာနသို့ ပြောသည်။
မတ်လ ၂၆ ရက်နေ့က အောင်ပန်းမြို့၊ မြို့ဟောင်းရပ်ကွက်အတွင်း ယင်းစာပါအကျုံးဝင်နေထိုင်နေသူများထံသို့ ရပ်ကွက်ဥက္ကဋ္ဌ၊ လက်နက်အတို၊ အရှည်ကိုင်ဆောင်လာသည့် ရဲများ၊ မီးရထားဝန်ထမ်းများ၊ အရပ်ဝတ်တွေများ အယောက် ၅၀ ခန့်က မီးရထားသံလမ်းမှ ထရော်လီဖြင့် လာရောက်ကာ အကြောင်းကြားစာများ လာရောက်ဖြန့်ဝေပေးအပ်ခဲ့သည်ဟု စာလက်ခံရသူတစ်ဦးက ပြောသည်။
“သံလမ်းအလည်ကနေတိုင်းပြီး ပေ ၅၀ မလွတ်ရင် ဖယ်ရမယ်။ သတ်မှတ်ရက် အတွင်းမဖယ်ရင် ဘတ်ဟိုးနဲ့ အကုန်လုံး ကော်ထုတ်သွားမယ်လို့ ပြောသွားခဲ့တယ်” ဟု ၎င်းကပြောသည်။
ယင်းစာကိုရရှိသည့် အိမ်ခြေ ၃၅၀ ဝန်းကျင်ခန့်ရှိကာ နေထိုင်သူ တစ်အိမ်လျင် အနည်းဆုံး ၃ ဦးမှ အများဆုံး ၁၀ ဦး ရှိသဖြင့် လူဦးရေ ထောင်ကျော် ဘဝပျက်ရမည့်အနေအထား ရောက်နေရသည်ဟု နေထိုင်သူများထံမှ သိရသည်။
ဖယ်ရှားခိုင်းသည့် ဧရိယာအတွင် နေထိုင်သူအားလုံးနီးပါးမှာ လက်လုပ်လက်စားများဖြစ်ပြီး စီးပွားရေးခက်ခဲကြသူများဖြစ်ကြောင်း၊ ယင်းစာရရှိပြီးနောက် စိတ်ထိခိုက်ကာ ဆေးရုံတက်ရသူ ၃ ဦးရှိကြောင်း နေထိုင်သူတစ်ဦးက ပြောသည်။
“အားလုံးလိုလိုက လက်လုပ်လက်စားတွေ၊ အခြားနေရာ အစားထိုးမြေပေးပါလို့ တောင်းပန်လိုတယ်။ ဒါတောင် အိမ်ဆောက်ဖို့ ငွေရှာဖို့ မလွယ်ဘူး။ မိအိုဖအိုတွေ၊ ကျောင်းတက်နေတဲ့ကလေးတွေနဲ့ ဘယ်လိုလုပ်ကြရမတုန်း” ဟု ၎င်းကပြောသည်။
ယင်းမြေနေရာတွင် လွန်ခဲ့သည့် ၁၉ နှစ်ကတည်းက မြေဂရံပါရပြီး ဝယ်ယူနေထိုင်နေကြသူများပါဝင်ကာ ယခင်က ယင်းသို့ ရထားပိုင်မြေပါဟု သတိပေးခြင်း မရှိခဲ့ကြောင်း သိရသည်။
မတ်လ ၃၁ ရက်တွင် ယင်းနေရာတွင်နေထိုင်သူ ၅ ဦးခန့် ပြောင်းရွှေ့နေကြပြီး ကျန်သူများကမူ သက်ဆိုင်ရာသို့ တောင်းပန် အသနားခံ ညှိနှိုင်းနိုင်ရန် ကြိုးပမ်းနေကြကြောင်း သိရသည်။
#MeKongNews
#မီးရထားပိုင်မြေ
#ကလောမြို့နယ်
#ဖယ်ရှား
#စစ်ကောင်စီ








