ငလျင်ကြောင့် အုတ်တံတိုင်းပိပြီး ခါးရိုးကျိုးသည့် ၁၃နှစ်ကလေး ခွဲစိတ်ရန် အကူအညီလိုအပ်နေ
မဲခေါင်၊ မတ် ၃၀
မတ်လ ၂၈ရက်နေ့ နေ့လည်၁နာရီဝန်းကျင်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက်(၆)မှ ၁၃နှစ်အရွယ် မိန်းကလေးတစ်ဦး အုတ်တံတိုင်းပိပြီး ခါးရိုးကျိုးသွားသည့်အတွက် ခွဲစိတ်နိုင်ရန် ငွေကြေးအကူညီလိုအပ်နေကြောင်း မိသားစုထံမှ သိရသည်။
၁၃နှစ်အရွယ် မနန်းသိန်းရတနာစိုးသည် ရေချိုးနေစဉ် ငလျင်လှုပ်ခတ်လာပြီး နံဘေးမှ အုတ်တံတိုင်းပြိုကျကာ ပိမိခဲ့ခြင်းဖြစ်ကြောင်း၊ အုတ်တံတိုင်းပိသည့်ဒဏ်ကြောင့် ခါးရိုးတချို့ကြေမွခဲ့ပြီး လက်ရှိတွင် တောင်ကြီးမြို့ သံဃာ့ဆေးရုံတွင် တင်ထားရကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
လက်ရှိတက်ရောက်နေသည့် သံဃာ့ဆေးရုံတွင် ခါးခွဲစိတ်ကုသမှု မလုပ်ပေးနိုင်သည့်အတွက် ပုဂ္ဂလိကဆေးရုံ မြတ်တော်ဝင်တွင် ခွဲစိတ်ကုသရန် ဆရာဝန်က အကြံပေးထားသော်လည်း ကုန်ကျမည့်ငွေကြေးပမာဏ ကျပ်သိန်း ၁၀၀ခန့်ကို မတတ်နိုင်သည့်အတွက် မိဘများက အကူညီများရှာဖွေနေသလို စပ်စံထွန်း(အစိုးရဆေးရုံ)တွင် ခွဲစိတ်နိုင်ရန်လည်း ဆရာဝန်ထံ တောင်းဆိုကြည့်မည်ဖြစ်ကြောင်း ယင်းနီးစပ်သူက ပြောသည်။
“ ဒီနေ့ ဘေးက ဆရာ၀န်မေးကြည့်တော့ စုစုပေါင်း သိန်း၁၀၀လောက်တော့ ကုန်လောက်မယ်ပြောတယ်။ မနက်ဖြန်တော့ ဆရာ၀န်နဲ့ သေချာတိုင်ပင်ပြီး အကျိုးအကြောင်းသေချာလေးပြောပြပေးမလို့ပါ။ ကိုယ်ကလည်း ဘယ်လိုမှ မတတ်နိူင်ဘူးလေ။ ဆရာ၀န်ကို အရင် တောင်းပန်ပြီး စပ်စံထွန်း(အစိုးရဆေးရုံ) မှာခွဲရင် သက်သာမလားလို့ပါ” ဟု ဆိုသည်။
မနန်းသိန်းရတနာစိုးကို ခါးမှကြေသွားသည့် အရိုးများနဲ့ အာရုံကြောထိထားသည့် အရိုးများအား ထုတ်ပစ်ရမည်ဖြစ်ပြီး ကျန်အရိုးများကိုဆက်ပေးမှ ထိုင်နိုင်မည်ဟု အရိုးအကြောဆရာဝန်ကဆိုသည်။ ခြေထောက်ပြန်လှုပ်ပြီး လမ်းပြန်လျှောက်နိုင်ရန်အတွက်တော့ မသေချာကြောင်း၊ ကံလောင်းလျှင်အကောင်းတိုင်းပြန်ဖြစ်နိုင်သလို ကြေသွားသည့်အရိုးများအားခွဲစိတ်ပြီးမထုတ်နိုင်ပါက အသက်အန္တရာယ်အထိ ဖြစ်နိုင်ကြောင်းသိရသည်။
မနန်းသိန်းရတနာစိုး ခါးရိုးများအား အမြန်ဆုံးခွဲစိတ်ရန်လိုအပ်နေသည့်အတွက် အကူအညီပေးနိုင်မည့် အဖွဲ့အစည်းများအနေဖြင့် 09780848114 ဆက်သွယ်၍လည်းကောင်း၊ တောင်ကြီးမြို့၊ ဇီဝိတဒါန သံဃာ့ဆေးရုံ အခန်းနံပါတ် ၁၁၂ ကိုသွားရောက်၍လည်းကောင်း ကူညီနိုင်ကြောင်း သိရသည်။
နန်းမွန်း
#MeKongNews









