အောင်ပန်းဟိုတယ်ပြိုကျမှု မိသားစုလိုက်သေဆုံးသူများ ထပ်တွေ့
မဲခေါင်၊ မတ် ၃၀
ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ရှိ ဟိုတယ်အောင်ပန်းပြိုကျမှုအတွင်း မိသားစုလိုက် သေဆုံးနေသည့် ရုပ်အလောင်းများကို ယမန်နေ့ မတ်လ ၂၉ရက် ည ၈နာရီကျော်တွင် ထပ်မံတွေ့ရှိပြီး ရုပ်အလောင်းများကို သယ်ထုတ်နိုင်ခဲ့ကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူများထံမှ သိရသည်။
ရှာဖွေကယ်ဆယ်မှု ဒုတိယမြောက်ရက်တွင်ထပ်မံတွေ့ရှိသူများမှာ ကလေး၂ဦး၊ အမျိုးသမီး ၂ဦး၊ အမျိုးသား၂ဦးတို့ဖြစ်ကြပြီး မိသားစုများဖြစ်ကြသည်ဟု မြတ်ပရဟိတ(အောင်ပန်း)အဖွဲ့ကဆိုသည်။
“ကလေးကိုဖက်ထားတဲ့ ညနေကထုတ်လို့ရတဲ့မိသားစုက ထပ်တွေ့တာပါ”ဟု လူမှုကူညီသူတစ်ဦးက ပြောသည်။
ယမန်နေ့ မတ်လ၂၉ရက် မနက်ပိုင်းက နာရေးကူညီမှုအသင်း(အောင်ပန်း)၏ထုတ်ပြန်ချက်တွင် သေဆုံး ၃ဦး၊ ဒဏ်ရာရ အမျိုးသမီး၁၇ဦး ၊ အမျိုးသား၈ဦးတို့ ဖြစ်ပြီး ညနေပိုင်းနှင့် ညပိုင်းတွင် မိသားစုလိုက် သေဆုံးသူ၆ဦးကို ထပ်မံတွေ့ရှိခဲ့ခြင်းဟု သိရသည်။
ငလျင်လှုပ်ခတ်သည့် မတ်လ၂၈ရက်က သေဆုံးခဲ့သူများဖြစ်သည့် အောင်ပန်းမြို့၊ အေးမြင့်သာယာနယ်မြေ(၃) နေမချယ်ရီဦး(ဟိုတယ်ဝန်ထမ်း)အသက် ၁၉နှစ်၊ နန်းတိုင်း၊ ကုန်းပေါ်ရွာနေ၊ မတုတ်(ခ)မမြအေး (ဟိုတယ်ဝန်ထမ်း)အသက် ၁၆နှစ် တို့၏ ရုပ်ခန္ဓာများအား နေအိမ်သို့ပို့ဆောင်ကာ အအေးခေါင်းများ တပ်ဆင်ပေးခဲ့ကြပြီး ပင်လုံမြို့နေဒေါ်ခွန်ဖူး အသက်၅၀နှစ် (ဧည့်သည်) ၏ နောက်ဆုံးခရီးအား အောင်ပန်းဆေးရုံရင်ခွဲရုံမှ မင်းဂူသုသာန်သို့ လိုက်ပါပို့ဆောင်ပေးခဲ့ကြသည်ဟု နာရေးကူညီမှုအသင်းအဖွဲ့ဝင် တစ်ဦးက ပြောသည်။
အင်အားပြင်း စစ်ကိုင်းငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သော ဟိုတယ်အောင်ပန်း အတွင်း ပိတ်မိနေသူများကို တာဝန်ရှိသူများ၊ ပူးပေါင်းကယ်ဆယ်ရေးအဖွဲ့များက ယခုချိန်ထိ ရှာဖွေလျှက်ရှိကြောင်း သိရသည်။
မဟာ
#MeKongNews









