မဲခေါင်၊မတ် ၂၉
ရှမ်းပြည်၊ အင်းလေးဒေသတွင် ငလျင်လှုပ်ခတ်မှုပြီးနောက် သေဆုံးသူ ၅၁ ဦးအထိရှိလာခဲ့ပြီး ဒေသတွင်းစားနပ်ရိက္ခာနှင့်လူသားခြင်း စာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း ဒေသခံမျာက မတ်လ ၂၉ရက် ညနေပိုင်းတွင် ပြောသည်။
လက်ရှိအချိန်အထိ စာရင်းများအရ ရှေ့ဝကြီးကျေးရွာတွင် တစ်ဦး၊ ဟဲယာရွာမတွင် ၄ဦး၊ ကေလာကျေးရွာတွင် ၄၁ ဦးနှင့် ဇရပ်ကြီးကျေးရွာတွင် ၅ဦး သေဆုံးကြောင်း ကူညီကယ်ဆယ်သူများထံမှ သိရပြီး သတင်းမရသေးသည့် ကျေးရွာများစွာကျန်သေးသလို နန်းပင်မြို့ ဆေးရုံတွင်လည်း လူနာနှင့် သေဆုံးအလောင်းများစွာ ရောက်ရှိနေကြောင်း သိရသည်။
အင်းလေးဒေသမြောက်ပိုင်း၊ အိမ်ထောင်ကြီးကျေးရွာတွင် အိမ်ခြေ ၂၆၀ ရှိရာ၌ ၂ အိမ်သာ အကောင်းအတိုင်း ကျန်ရှိပြီး လူထိခိုက်မှု မရှိကြောင်း၊ ရှေ့ဝကြီးကျေးရွာတွင် အိမ်ခြေ ၁၀၅ အိမ်ရှိရာ၌ ၄ အိမ်သာကျန်ရှိပြီး တစ်ဦးသေဆုံးကြောင်း၊ မြောက်ဝကြီးကျေးရွာတွင် ၉၅ အိမ်ရှိရာ၌ ရွာလုံးကျွတ်ပျက်စီးခဲ့ပြီး သေဆုံးမှုမရှိကြောင်း ကူညီရေးလိုက်လံဆောင်ရွက်နေသူ ဒေသခံတစ်ဦးက မဲခေါင်ကိုပြောသည်။
“ပျက်စီးသွားတဲ့ရွာအားလုံးက အင်းထဲမှာနေကြတာပါ။ လက်ရှိအချိန်အထိတော့ စစ်တပ်၊ PNO နဲ့ တခြားဘယ်သူမှ လာကူတာမရှိသေးပါဘူး။ တိုက်နယ်ဥက္ကဌတစ်ယောက်တော့ ရွာထဲတွေကို လိုက်ကြည့်နေတာတွေ့တယ်”ဟု ၎င်းကပြောသည်။
ငလျင်ဒဏ်ကြောင့် အင်းလေးဒေသအတွင်း သေဆုံးသူအရေအတွက်မှာ ယခုထက်ပိုမိုများပြားလာနိုင်ပြီး ကလေသူငယ်နှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်ကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ် တပ်ရေးဗိုလ်ကပြောသည်။
လက်ရှိအချိန်ထိသိရသမျှ စာရင်းထဲတွင် အင်းလေးဒေသတောင်ပိုင်းမှ ကျေးရွာများရှိ သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူများ မပါဝင်သေးပေ။
သေဆုံးမှုများမှာ ရေနစ်ခြင်း၊ ပိတ်မိခြင်းနှင့် ဓာတ်လိုက်ခြင်းများကြောင့် အများဆုံးဖြစ်ပြီး ဒေသတဝှမ်း အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း သိရသည်။
လတ်တလောတွင် စားနပ်ရိက္ခာ၊ အဝတ်အထည်၊ ရေနှင့် ဆေးဝါးများလိုအပ်နေကြောင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရမှကွပ်ကဲမှုအောက်ရှိ ကာကွယ်ရေးတပ်များအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ထုတ်ပြန်ထားသော်လည်း ဘဏ္ဍာငွေအခြေအနေအရ ကူညီနိုင်ခြင်းမရှိသေးကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ် တပ်ရေးဗိုလ်က ပြောသည်။
“မတရားအာဏာသိမ်းမှု့ကြောင့်ဒုက္ခရောက်နေတဲ့ ပြည်သူတွေ ခုသဘာဝဘေးဖြစ်တော့ ကူညီကယ်ဆယ်ရေးလုပ်ဖို့ ဘဏ္ဍာငွေမရှိတာပဲ စိတ်မကောင်းဘူး။ အလှူရှင်တွေအနေနဲ့လည်း ငလျင်ဘေးသင့် ပြည်သူတွေကို ကူမယ်ဆိုရင် တကယ်လိုအပ်တဲ့သူလက်ထဲ အရောက်လှူဒါန်းတာမျိုး လုပ်စေချင်တယ်။ ပြီးခဲ့တဲ့ရေဘေးတုန်းကဆိုရင် ဘောမနေတဲ့အုပ်ကြီးနဲ့ သူ့အပေါင်းအပါတွေ ကြီးပွါးသွားကြတာရှိတယ်။ အားလုံးကိုတော့မဆိုလိုဘူး” ဟု ၎င်းက မဲခေါင်ကိုပြောသည်။
မနေ့က လှုပ်ခတ်ခဲ့သည့် ၇.၇ မဂ္ဂနီကျူ့အဆင့်ရှိအင်အားပြင်းမြေငလျင်ကြောင့် ရှမ်းပြည်တောင်ပိုင်း အင်လေးဒေသ တဝှမ်းနှင့် တောင်ကြီး၊ အောင်ပန်းစသည့် ထိစပ်နေသော ဆက်စပ်မြို့များ ထိခိုက်ခံစားခဲ့ရကာ တစ်နိုင်ငံလုံးသေဆုံးသူဦးရေ တစ်ထောင်ကျော်လာပြီဖြစ်သည်။
#MeKongNews
#ငလျင်
#အင်းလေးဒေသ
#သေဆုံး
#ရှမ်းတောင်








