မဲခေါင်၊ မတ်၂၉
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ဆီဆိုင်မြို့က လူထုအဓိက အားထားနေရသည့်ရေထွက်မှာ ယမန်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ရေအထွက်နည်းသွားသဖြင့် ယင်းရေထွက်ကို မှီခိုနေရသည့် လူထုမှာ ယခင်ကထက် ရေရှားမှုဒဏ်ကို ခံစားနေရကြောင်း ဒေသခံများထံက သိရသည်။
ယမန်နေ့က ငလျင်ဒါဏ်ကြောင့် ယနေ့ မတ်လ ၂၉ရက်တွင် ဆီဆိုင်မြို့၏ တစ်ခုတည်းသောရေထွက်မှာ ရေထွက်အားသိသိသာသာလျော့နည်းသွားသည့်အတွက် ရေစစ်ကန်သို့ ရေများဝင်ရောက်နိုင်မှုမရှိတော့ဘဲ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့ ရေအခက်အခဲ တွေ့ ကြုံလာနေသည်ဟု ဒေသခံများထံမှ သိရသည်။
“အခု မနက်ပဲ ရေထွက်ကို နှုန်းတွေဆယ်နေတာ၊ ရေက လက်ကျန်ရေဘဲထင်တယ်။ အခြားကိုရေလမ်းကြောင်းပြောင်းသွားရင်တော့ မြို့အခက်ကြုံပြီ။ အခြားရေထွက်ကယူဖို့ နည်းလမ်းတွေရှာရမှာပေါ့။ အနီးဆုံးရေထွက်ကတော့ တစ်မိုင်ကျော်ဝေးတယ်”ဟု ဆီဆိုင် ဇဝနရာမစာသင်တိုက်မှ ဦးဇင်းတစစ်ပါးက မဲခေါင်ကို ယနေ့ မတ်လ ၂၉ ရက်တွင် မိန့်ကြားသည်။
ငလျင်လှုပ်ပြီးနောက် ဆီဆိုင်မြို့သုံး အဓိကရေထွက်ကြီး ရေနည်းသွားသော်လည်း မြို့အရှေ့ဘက် ရေထွက်များတွင် ရေထွက်အားကောင်းလာနေကြောင်း၊ လက်တလောတွင် မြို့လူထုနှင့် အုပ်ချုပ်ရေးပိုင်းမှ ရေပြဿနာဖြေရှင်းနိုင်ရေး အတူလုပ်ကိုင်ဆောင်ရွက်နေကြောင်း ဦးဇင်းကပြောသည်။
လက်ရှိအထွက်နည်းသွားသည့် ရေထွက်မှာ မြို့၏ အဓိကအသက်သွေးကြောဖြစ်ပြီး ငလျင်ကြောင့် ရေလမ်းကြောင်း ပြောင်းမသွားစေဖို့ မျှော်လင့်ကြောင်း၊ ရေထွက်နည်းသွားသည့်အတွက် လတ်တလောတွင် အဝီစိတွင်းရေကို ဝယ်သုံးနေရကြောင်း မြကန်သာရပ်ကွက်နေသူတစ်ဦးက ပြောသည်။
ယင်းရေထွက်ကို လူဦးရေ ၁၅၀၀ကျော်ရှိသည့် ဆီဆိုင်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် အောင်သပြေ၊ မဂ်လာ၊ သီရိ၊ ဟိုခဲ၊ မြကန်သာ၊ အောင်ချမ်းသာရပ်ကွက်များအပြင် ဘုရားဖြူ၊ ဟော်တောင်၊ ဟော်မြောက်၊ ဝါးတောကျေးရွာကပြည်သူများပါ မှီခိုနေရသည့်အတွက် လတ်တလောတွင် ရေအခက်အခဲ ကြုံနေရပြီဖြစ်ကြောင်း သိရသည်။
မဟာ
#MeKongNews
#ငလျင်
#ဆီဆိုင်
#ရေထွက်
#ရေထွက်နည်း








