မြန်မာငလျင်အတွက် ကူညီမည်ဟု ဒေါ်နယ်ထရမ့် ကတိပြု၊ USAID အစား DART ကိုစေလွှတ်မည်
မဲခေါင်၊ မတ် ၂၉
မတ် ၂၈ ရက်မွန်းလွဲပိုင်းတွင် စစ်ကိုင်းပြတ်ရွေ့လှုပ်ရှားမှုမှ အလွန်အင်အားပြင်းထန်သော ပြင်းအား ၇ . ၇ ရှိသည့် ငလျင်လှုပ်ခတ်သွားမှုအတွက် မြန်မာတာဝန်ရှိသူများနှင့် ပြောဆိုခဲ့ပြီးကြောင်းနှင့် အကူအညီများ ပေးသွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကထုတ်ပြန်ပြောဆိုသွားခဲ့သည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငလျင်ဒဏ်ကြောင့် နိုင်ငံတကာမှ အကူအညီများ ပေးရန် တောင်းခံခဲ့ရာတွင် ယခင် သဘာ၀ကပ်ဘေးများ၌ မြန်မာနိုင်ငံအပေါ် အဓိကအကူအညီပေးနေသည့် USAID မှ ဝန်ထမ်းများကို ထရမ့်၏ အကြံပေး အီလွန်မာ့စ်ဦးဆောင်သော အစိုးရစွမ်းဆောင်ရည်ဌာန (DOGE) မှ ဆက်တိုက် လျော့ချထားရာ USAID အပြင် နိုင်ငံတကာကူညီရေးအေဂျင်စီ ၈၀ ရာခိုင်နှုန်းအထိ လျှော့ချသွားမည်ဟု ပြောဆိုထားချိန်ဖြစ်သည်။
USAID ဝန်ထမ်းဟောင်း Refugees International ဥက္ကဌ Jeremy Konyndyk က အကြွင်းအကျန် နောက်ဆုံး USAID ဝန်ထမ်းများသည်သာ မြန်မာငလျှင်အတွက် ဘေးအန္တရာယ်တုံ့ပြန်ရေး အကူအညီ ပေးရန်သာရှိတော့သည်ဟု မရေရာမှုကို လူမှုကွန်ရက် X တွင် မီးမောင်းထိုးပြောဆိုသွားခဲ့သည်။
ထရမ့်၏ အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Tammy Bruce ကမူ မြန်မာနှင့် ထိုင်းငလျင်ဒဏ်အတွက် USAID အပြောင်းအလဲကြောင့် အကူအညီအထောက်အပံ့ပေးခြင်းများတွင် သက်ရောက်မှု မရှိဘဲ သဘာဝဘေးကူညီ တုံ့ပြန်ရေးအဖွဲ့ (DART) ကို စေလွှတ်ပေးသွားမည်ဖြစ်ကာ အချိန်ကိုတော့ လက်ရှိ အတည်မပြုနိုင်သေးဟု ပြောကြားသွားခဲ့သည်။
၂၀၂၄ ဖေဖော်ဝါရီလအထိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စများအတွက် USAID လက်ထောက်စီမံခန့်ခွဲသူတာဝန်ယူထားသော Sarah Charles က သမုဒ္ဒရာနှစ်စီးပိုင်ဆိုင်ရေး မြန်မာကိုဖြတ်ပြီး မဟာဗျူဟာကျ စီမံကိန်းရေးဆွဲထားသည့် တရုတ်အနေဖြင့် မြန်မာ့ငလျင်အတွက် ချက်ချင်းဆိုသလို အကူအညီအထောက်အပံ့များပေးရန်၊ ကယ်ဆယ်ရေးအဖွဲ့များလွှတ်ရန် လုပ်ဆောင်မည် မှာ သံသယရှိစရာမလိုကြောင်း (လက်ရှိမှာပင် တရုတ်ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိနေ)၊ တရုတ် မရောက်သေးလျင်ပင် တူရကီ၊ ရုရှားနှင့် အိန္ဒိယတို့မှ အသင်းအဖွဲ့များ ရောက်လာမည်ဖြစ်ကြောင်း၊ ထိုသို့ဆိုလျှင် အမေရိကန်၏ အရေးပါမှုမှာ မဟာပြိုင်ဘက်တရုတ်ကို မြန်မာနိုင်ငံနှင်ပတ်သက်ပြီး အရာထင်စရာမရှိတော့ဟု ပြောဆိုသွားခဲ့သည်။
ထို့အပြင် ကယ်ဆယ်ရေးအဖွဲ့များ အများဆုံးရှိရာ လော့စ်အိန်းဂျလိစ်နှင့် ဗာဂျီးနီးယားမှ ကျွမ်းကျင်အဖွဲ့အစည်းများသည်လည်း အလုပ်ဖြုတ်ခံရပြီးပါက မြန်မာနှင့်ထိုင်းသို့ ကယ်ဆယ်ရေးခရီးစဉ်မသွားဘဲ ကျောခိုင်းမည်မှာ မလွဲဟု သတိပေးပြောကြားခဲ့သည်။
Ref:Reuter
ကိုကလင်း
#MeKongNews








