ငလျင်ဒဏ်ခံဒေသများသို့ ငွေနှင့် လိုအပ်သည်များ ကူညီမည်ဟု ‘ဝ’နှင့်မိုင်းလား ထုတ်ပြန်
မဲခေါင်၊ မတ်လ ၂၉
မတ်လ၂၈ရက်၊ နေ့လယ်ပိုင်းက ပြင်းထန်စွာလှုပ်ခတ်ခဲ့သည့် ငလျင်ကြောင်း ဘေးဒဏ်သင့်ခဲ့သည့် ဒေသများသို့ UWSA က ကျပ်သိန်း ၂၀၀၀ လှူမည် ဖြစ်သလို မိုင်းလားအထူးဒေသ (၄) ကလည်း ငလျင်ဒဏ်သင့် ဒေသများရှိပြည်သူများသို့ အားပေးစကားပြောကြားပြီး ငွေကြေးနှင့် လူသားချင်းသာနာမှုအကူအညီများ ပေးသွားမည်ဟု ယနေ့မတ်လ၂၉ရက်တွင် ထုတ်ပြန်သည်။
UWSA မှ တရုတ်ဘာသာဖြင့် ထုတ်ပြန်ချက်တွင် စစ်ကိုင်းပြတ်ရွေ့ဗဟိုပြု ရစ်ချ်တာစကေး ၇.၇ အားရှိ ကြီးမားသည့် ငလျင်ဒဏ် ကျရောက်ခဲ့ခြင်းကြောင့် တစ်နိုင်ငံလုံးနှင့် အိမ်နီးချင်းနိုင်ငံတွေထိ သက်ရောက်မှုရှိခဲ့ကာ ပြည်သူများ၏အသက်၊ အိုးအိမ်၊ ပစ္စည်းဥစ္စာ ပျက်စီးဆုံးရှူံးမှုတွေ ဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိမြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းပဋိပက္ခဒဏ်ကို ကြုံတွေ့နေရဆဲဖြစ်ပြီး တစ်ဆက်တည်းမှာပင် ယခုလို ကြီးမားသည့် သဘာဝဘေးဒဏ်ကို ထပ်မံခံစားရသည့်အတွက် “ဝ”ဒေသအနေဖြင့်လည်း ပြည်သူများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်ဟု ပါရှိသည်။
ယင်းဖြစ်ရပ်အပေါ် UWSA တပ်ဖွဲ့က ငလျင်ဘေးသင့်ဒေသရှိ ပြည်သူများအား ငွေကျပ်သန်း ၂၀၀၀ ကူညီလှူဒါန်းမည် ဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှု စိတ်ဓာတ်ဖြင့် လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေး၊ စစ်ရေးအငြင်းပွားမှုကိစ္စရပ်တွေကို ခေတ္တရပ်စဲကာ ကယ်ဆယ်ရေးလုပ်ငန်းများတွင် အားလုံးပါဝင်လုပ်ဆောင်ဖို့ကို တိုက်တွန်းကြောင်း ပါရှိသည်။
အလားတူ အထူးဒေသ (၄) မိုင်းလား – NDAA ကလည်း ငလျင်ဒဏ်သင့်နေရာများရှိပြည်သူများအတွက် အလွန်စိတ်မကောင်းဖြစ်ရပြီး လိုအပ်သည့်နေရာများသို့ ငွေကြေးနှင့် လူသားချင်းစာနာထောက်ထားသည့် အကူအညီများအရောက်ပို့ဆောင်နိုင်ရေး ဆောင်ရွက်နေကာ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူများကိုလည်လေးစားခြင်းများနှင့်အတူ အားပေးစကားပြောကြားလိုကြောင်း ယနေ့ မတ်လ၂၉ရက်တွင် ထုတ်ပြန်သည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမူ မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်းမဆို၊ မြန်မာနိုင်ငံအတွင်းမှာရှိသည့်ရဟန်း၊ ရှင်၊ လူ မည်သူမဆို လာရောက်ကူညီနိုင်ရန် ဖိတ်ကြားသည်ဟု ယမန်နေ့က ပြောကြားခဲ့သည်။
မဟာ
#MeKongNews








