နိုင်ငံတကာ ကူညီကယ်ဆယ်ရေး အဖွဲ့တချို့ မြန်မာနိုင်ငံစရောက်
မဲခေါင်၊ မတ် ၂၉
ငလျင်ဘေးဒဏ်ခံရသူများကို ကူညီကယ်ဆယ်ရေးအတွက် တရုတ်အပါအဝင် နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများ မြန်မာနိုင်ငံကို စတင်ရောက်ရှိလာပြီဖြစ်ကြောင်း စစ်ကောင်စီနှင့် နိုင်ငံတကာ သံရုံးများ၏ ထုတ်ပြန်ချက်အရ သိရသည်။
မတ်လ ၂၉ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ ကူညီကယ်ဆယ်ရေးသမား ၃၇ ဦးပါဝင်သည့်အဖွဲ့ ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာပြီး ၎င်းတို့နှင့်အတူ အသက်ကယ်ကိရိယာ (Life Detector) များ၊ ငလျင်ကြိုတင်သတိပေးစနစ် (Earthquake Early Warning System) များ၊ ခရီးဆောင်ဂြိုလ်တု (Portable Satellite) များနှင့် ဒရုန်းများ အပါအဝင် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများ စုစုပေါင်း ၁၁၂ စုံ ပါဝင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သည်။
အိန္ဒိယနိုင်ငံကလည်း စောင်၊ တာပေါ်လင်မိုးကာ၊ သန့်ရှင်းရေးပစ္စည်းများ၊ sleeping bags၊ နေရောင်ခြည်သုံးမီးအိမ်များ၊ အစားအသောက်ထုပ်များနှင့် မီးဖိုချောင်သုံးပစ္စည်းများကို IAF_MCC C-130 လေယာဉ်ဖြင့် ယနေ့ မတ်လ ၂၉ရက် နံနက်ပိုင်းတွင် ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်သည်။
ရုရှားနိုင်ငံကလည်း ကူညီကယ်ဆယ်ရေးသမား ၁၁၂ ဦးကို စေလွှတ်လာကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
မြန်မာ့ငလျင်ဘေးကို ကူညီရန်အတွက် ထိုင်ဝမ်နိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့ စေလွှတ်ရန် အဆင်သင့်ပြင်ဆင်ထားပြီး မြန်မာနိုင်ငံဘက်မှ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ထိုင်ဝမ်ကူညီကယ်ဆယ်ရေးအဖွဲ့က မတ်လ ၂၈က သတင်းထုတ်ပြန်ထားသည်။
EU မှ မြန်မာ့ငလျင်ဘေးအတွက် ယူရို ၂ . ၅ သန်း ကနဦးကူညီမည်ဟု ထုတ်ပြန်ထားပြီး စင်ကာပူနိုင်ငံကလည်း ငလျင်ဒဏ်ခံရသူများအတွက် ကူညီမည်ဟု ကတိပြုထားကြောင်း သိရသည်။
#MeKongNews









