အင်းလေးကန်ဒေသတွင် ငလျင်ဘေးကြောင့် သေဆုံးသူ အနည်းဆုံး ၃၀ ဦး ဝန်းကျင်ရှိ
မဲခေါင်၊ မတ် ၂၈
ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသတွင် ယနေ့လှုပ်ခတ်သည့် ပြင်းထန်ငလျင်ကြောင့် သေဆုံးသူ အနည်းဆုံး ၃၀ ဦးဝန်းကျင်ရှိကြောင်း ဒေသခံများနှင့် ကူညီကယ်ဆယ်သူများထံမှ သိရသည်။
ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်ဦးဘုရားများ ကိန်းဝပ်ရာ ဟဲယာရွာမနဲ့ ဇရပ်ကြီးရွာများ၌ ငလျင်ဒဏ်ကြောင့် လူ ၄ ဦး သေဆုံးခဲ့ပြီး ဖောင်တော်ဦးဘုရား၊ ဇရပ်ကြီးကျောင်းနှင့်နေအိမ် ၁၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
မဲခေါင်မှ စုံစမ်းရသမျှ အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ်၊ နန်းပန်မြို့တွင်လည်း ငလျင်ဘေးကြောင့် ယနေ့ ၅နာရီအထိ သေဆုံးသူ ၂၅ ဦးဝန်းကျင်ရှိကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများထံမှ သိရသည်။
“အိမ်တွေပြိုလို့ ပိတ်မိတာများတယ်။ ဆက်ရှာနေကြတယ်။ အခြားရွာတွေလည်းရှိတယ်”ဟု လူမှုကူညီသူတစ်ဦးက မဲခေါင်ကို ပြောသည်။
လက်ရှိအချိန်အထိ ဒဏ်ရာရသူ ၂ဝကျော်ရှိပြီး စာရင်းသေချာ မသိနိုင်ကြောင်းနှင့် ထပ်မံတွေ့ရှိနိုင်သဖြင့် စာရင်းတိုးနိုင်ကြောင်း သူက ပြောသည်။
ယခု လှုပ်ခတ်သွားသည့် ငလျင်မှာ နှစ်ပေါင်း ၁၀၀အတွင်း ပြင်းအား ရစ်ချ်တာစကေး ၇ဒဿမ၇ အဆင့်ရှိ Major Earthquake (ငလျင်ကြီး) ဖြစ်ကာ ၁၉၁၂ ခုနှစ် မေမြို့ငလျင်နောက်ပိုင်း အပြင်းထန်ဆုံးငလျင်ဖြစ်ကြောင်း ငလျင်ပညာရှင် ပါမောက္ခ ဒေါက်တာမျိုးသန့်က မဇ္ဈိမသတင်းတွင် ပြောသည်။
စစ်ကောင်စီကမူ ငလျင်ကြောင့် ထိခိုက်မှုများသည့်မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးတိုင်းနှင့်ရှမ်းအရှေ့မြောက်ပိုင်းအပြင် နေပြည်တော်ကောင်စီနယ်မြေတွေကို အရေးပေါ်အခြေအနေ ကြေညာထားသည်။
မဟာ
#MeKongNews









