မိုင်းရယ်ရှိ စစ်ကောင်စီဂိတ်များ ငွေအဆမတန်တောင်းနေ
မဲခေါင်၊ မတ်၂၇
ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်ထိန်းချုပ်ထားသည့် မိုင်းရယ်မြို့ စစ်ဆေးရေးဂိတ်များတွင် ဗိုလ်ကြီးအဆင့်ထိုင်ကာ ကားများထံမှ ငွေတောင်းကြမ်းနေကြောင်း ကုန်တင် AD Van ယာဉ်မောင်း၊ ယာဉ်ပိုင်ရှင်များထံမှ သိရသည်။
မိုင်းရယ်မြို့ မီးသတ်ရုံးဂိတ် ရှေ့ဂိတ်တွင် မိုင်းရယ်စစ်ဗျူဟာမှ ဗိုလ်ကြီးတင်မောင်ဆွေ ဦးဆောင်သည့် စစ်တပ်၊ ရဲ၊ စရဖ ပူးပေါင်းဂိတ်၌ Van ကားတစ်စီး ကျပ် ၃သိန်း တောင်းနေကြောင်း၊ ယင်းသို့တောင်းရခြင်းမှာ ဗျူဟာမှူးသို့ တိုက်ရိုက်ပေးနေရ၍ဖြစ်သည်ဟု ကားသမားများကို စရဖနှင့် စစ်တပ်က ပြောကြောင်း Van ကားသမားတစ်ဦးက မဲခေါင်ကိုပြောသည်။
“သူတို့ပါပေမယ့် ဗျူဟာအရာရှိကိုယ်တိုင် ထိုင်ကောက်ပြီး ဗျူဟာမှူးကို တိုက်ရိုက်ပေးနေရတယ် ပြောတယ်။ မိုင်းရယ်မှာ ၄ ဂိတ်ရှိတာ ဂိတ်အားလုံးအတောင်းကြမ်းတယ်”ဟု ၎င်းကပြောသည်။
AD Van ကားများသည် စားသောက်ကုန်၊ တရုတ်လုပ်မုန့်များ၊ စက်သုံးဆီ၊ သစ်သီး၊ ဘက်ထရီဆိုင်ကယ် စသည့် လူသုံးကုန်ပစ္စည်းများကို တင်ဆောင်ကုန်သယ်နေခြင်းဖြစ်ပြီး မိုင်းရယ််မြို့ရှိဂိတ်များတွင်ပင် ကျပ်၁၀သိန်းကျော် ပေးဆောင် နေရကြောင်း သိရသည်။
“ကုန်ပါရင်တော့ အကုန်ပေးရတယ်။ ခရီးသည်တင်ကားတွေမှာတော့ ဆီရေသန့်ဘူးနဲ့တွေ့ရင်တောင် သိမ်းတာ၊ ဆီဘောက်ဆာ၊ နွားကား၊ ဆိတ်ကား၊ ဝက်ကားတွေတော့ အစီးလိုက်ပဲသွားနေကြတာ တန်းစီနေတာ” ဟု ကားသမားတစ်ဦးက ပြောသည်။
မိုင်းရယ်မြို့တွင် လားရှိုး၌ စစ်ရှုံးပြီးနောက် ပြန်လည်ဖွဲ့စည်းထားသည့် ရမခစစ်တိုင်းရှိနေပြီး လက်ရှိတိုင်းမှူးမှာ OTS-94 ဆင်း ဗိုလ်မှူးချုပ်အေးမင်းဦးဖြစ်ကာ စစ်ဗျူဟာအခြချ(မိုင်းရယ်)၊ ခမရ- ၃၂၅၊ ခလရ-၆၇ နှင့် ခလရ-၂၂ တပ်ရင်းများလည်းရှိနေသည်။
#MeKongNews








