တာချီလိတ် ချစ်ကြည်ရေးတံတား အမှတ် (၁) နှင့် မိုင်းဆတ်ဘက်သွားလမ်း ခေတ္တပိတ်မည်
မဲခေါင်၊ မတ် ၂၅
တာချီလိတ်မြို့၏ မြို့အထိမ်းအမှတ် နာရီစင်နှင့် လွယ်တော်ခမ်းတံတားတို့ကို မနက်ဖြန်၊ မတ်လ ၂၆ရက်နေ့၊ နံနက်ပိုင်း၌ ဖွင့်လှစ်မည်ဖြစ်၍ ထိုင်းမြန်မာ အမှတ် (၁)ချစ်ကြည်ရေးတံတားအား နံနက် ၇နာရီခွဲမှ နံနက် ၁၀နာရီအထိ ခေတ္တပိတ်ထားမည် ဖြစ်ကြောင်း ဒေသအာဏာပိုင်များက ကြိုတင်အသိပေးထားသည်။
အလားတူ တာချီလိတ်မြို့နယ်၊ ပုန်းထွန်ရပ်ကွက်ရှိ ပြီးခဲ့သည့်နှစ် စက်တင်ဘာလ စံချိန်တင် ရေကြီးရေလျှံမှုကြောင့် မျောပါပျက်စီးသွားသည့် လွယ်တော်ခမ်းတံတားကိုလည်း ပြန်လည်တည်ဆောက်ပြီး ဖွင့်လှစ်မည် ဖြစ်သည့်အတွက် တာချီလိတ် -မိုင်းဆတ်သွား ဂိတ်အား နံနက် ၇ နာရီခွဲမှ နံနက် ၁၀နာရီအထိ ခေတ္တခဏ သွားလာခွင့် ရပ်ဆိုင်းထားမည် ဖြစ်သည်။
ထို့အပြင် ကိစ္စရပ်များပြုလုပ်နိုင်ရေးအတွက် တာချီလိတ်မြို့နယ်၊ ဗိုလ်ချုပ်လမ်းမ၊ တရားရုံး ထိပ်မှ တံတား (၁) အဝိုင်းအထိ မနက်ဖြန် နံနက် ၇နာရီခွဲမှ စတင်ကာ လမ်းအသွားအလာများ ခေတ္တ ပိတ်ထားမည် ဖြစ်ကြောင်း သိရှိရသည်။
#MeKongNews








