မဲခေါင်၊ မတ် ၂၀
၂ လကြာအပစ်အခတ်ရပ်စဲထားသော အစ္စရေးနှင့် ပါလက်စတိုင်းထိန်းချုပ် ဟားမက်စ်တို့အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ပျက်ပြားသွားပြီးနောက် အစ္စရေးဘက်မှ ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်မှုကို မတ် ၂၀ ရက်တွင် ဆက်လက်ပြုလုပ်ခဲ့ရာ အနည်းဆုံး ပါလက်စတိုင်း အယောက် ၇၀ သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
မတ် ၁၈ ရက်တွင် အစ္စရေးဘက်မှ ဟားမက်စ်တို့၏ ကျန်ရှိ ဓားစာခံများ လွှတ်ပေးမှုမရှိခြင်းနှင့် လူသူလက်နက်အင်အားပြန်စုစည်းနေခြင်း၊ သဘောတူညီချက်နှင့် ပြင်ဆင်ရန်တောင်းဆိုမှုများကို လက်မခံခြင်းများကြောင့်ဟု အကြောင်းပြချက်ပေးပြီး တိုက်ခိုက်ခဲ့ရာ ဂါဇာတွင် အယောက် ၄၀၀ ကျော် သေဆုံးခဲ့ရကာ ပဋိပက္ခစဖြစ်သည် ၂၀၂၃ အောက်တိုဘာနောက်ပိုင်း သေဆုံးမှုအများဆုံးနေ့စွဲ ဖြစ်ခဲ့သည်။
နောက်နေ့ မတ် ၁၉ ရက်၌ အစ္စရေးက ဂါဇာထဲသို့ မြေပြင်ထိုးစစ်ပြန်လည်ဆင်နွှဲမည် ဟုကြေညာအပြီး မတ် ၂၀ တွင် ဂါဇာတောင်ပိုင်းနှင့်မြောက်ပိုင်းဒေသများနှင့် ဂါဇာနှစ်ခြမ်းကွဲထား သည့် အဓိကကြားခံနယ် Netzarim စင်္ကြန်ဒေသကို လေကြောင်းတိုက်ခိုက်မှုနှင့်အတူ မြေပြင်ထိုးစစ်ဝင်ရောက်ခြင်းကြောင့် အယောက် ၇၀ အနည်းဆုံးသေဆုံးခဲ့ရခြင်းဖြစ်သည်။
၃ ရက်အတွင်း အစ္စရေးတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း၌ ၅၁၀ သေဆုံးခဲ့ပြီး ဟားမက်စ် တာဝန်ရှိသူတစ်ဦးက အပစ်အခတ်ရပ်စဲရေး ကြားဝင်ဆွေးနွေးပေးခဲ့သော နိုင်ငံများအနေဖြင့် အမြန်ဆုံးထပ်မံကြားဝင်ကာ အစ္စရေး၏ အကြမ်းဖက်မှုများကို တားဆီးပေးရန် တောင်းဆိုမှုများပြုလုပ်ခဲ့ကြသည်။ သို့သော် အစ္စရေးကို ပြန်လည်လက်တုံ့ပြန်ခြင်းပြုမပြုကိုမူ ကတိမပေးခဲ့ပေ။
အစ္စရေးနှင့်ဟားမက်စ်စစ်ပွဲသည် ၂၀၂၃ အောက်တိုဘာ ၇ ရက်က ဟားမက်စ်တို့ အစ္စရေးနယ်ကျော်ပြီး အရပ်သား ထောင်ချီကို သတ်ဖြတ်ကာ ရာနှင့်ချီကို ဓားစာခံအဖြစ် ပြန်ပေးဆွဲသွားရာမှ စတင်ခဲ့ပြီး အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ယနေ့အထိ ပါလက်စတိုင်း ၄၉၀၀၀၀ သေဆုံးခဲ့ရသည်ဟု ပါလက် စတိုင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများကြေညာချက်အရ သိရှိရသည်။
ကိုကလင်း
Ref: indiatoday
#MeKongNews
#အစ္စရေး
#ဂါဇာ
#ပါလက်စတိုင်း
#ဟားမက်စ်








