မဲခေါင်၊ မတ် ၁၉
ရွှေတြိဂံဒေသ၊ မြန်မာတစ်ဖက်ခြမ်း လာအိုနိုင်ငံ၊ ဘော်ကဲအိုခရိုင်တွင်ရှိသည့် စိုက်ပျိုးရေးခြံတစ်ခုတွင် အလုပ်ဝင်ချိန် ၄ မိနစ်နောက်ကျသည်ကို တရုတ်အလုပ်သမားခေါင်းက လုပ်အားခ နေ့ဝက်စာဖြတ်တောက်သည့်အတွက် မြန်မာအလုပ်သမားအများစု အလုပ်ထွက်ခဲ့ကြကြောင်း ယင်းအလုပ်သမားများထံမှ သိရသည်။
မတ်လ ၁၇ ရက် နံနက်ပိုင်း၌ အလုပ်သမား ၄၀၀ ကျော်လုပ်ကိုင်နေသည့် နန်းကင်းရေတံခွန် စိုက်ပျိုးရေးခြံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေ့တစ်ဝက်စာလစာဖြတ်သည်ကို မကျေနပ်သဖြင့် မြန်မာနိုင်ငံအလုပ်သမားများက လူစုလူဝေးဖြင့် အလုပ်ရှင်ထံ တောင်းဆိုမှုများ ဖြစ်ပေါ်ခဲ့ကြောင်း အလုပ်သမားတစ်ဦးက ပြောသည်။
“အလုပ်က ပဲသီးခူးရတာပါ။ မနက်က ညအထိ တစ်နေကုန်လုပ်ရတယ်။ အစားအသောက်ကတော့ ပဲသီးနဲ့ ဖရုံပဲ၊ အလုပ်ရှင်က ထွက်ချင်တဲ့သူတွေကို ငွေချက်ချင်းရှင်းပေးတယ်။ အတော်များများပြန်ပါတယ်။ မပြန်တဲ့သူတွေလည်း ရှိပါတယ်” ဟု ၎င်းကပြောသည်။
လာအိုနိုင်ငံရှိ စိုက်ပျိုးရေးခြံများတွင် မြန်မာနိုင်ငံရွှေ့ပြောင်းလုပ်သားများကို တရုတ်အလုပ်ခေါင်းများက ဖိနှိပ်မှုများရှိကြောင်း အလုပ်သမားများထံမှ သိရသည်။
အလုပ်ချိန်အများစုမှာ နေ့စဥ် နံနက် ၆ နာရီခွဲမှ ညနေ ၅ နာရီခွဲအထိ ပုံမှန်အလုပ်ဆင်းရပြီး အချိန်ပိုရှိပါက ည ၇ နာရီခွဲအထိ လုပ်ကိုင်ရကြောင်း၊ လုပ်ခလစာကို လာအိုနိုင်ငံသုံးငွေ ကစ်(kip)ဖြင့်မပေးဘဲ တရုတ်ယွမ်ငွေဖြင့် ပေးချေခြင်းဖြစ်ပြီး အမျိုးသမီးတစ်ဦးကို ယွမ် ၁၂၀၀၊ အမျိုးသား ယွမ် ၁၄၀၀ အထိရရှိပြီး လုပ်ငန်းလိုအပ်ချက်အရ လူအများအပြားခေါ်နေကြောင်း သိရသည်။
“အနေအစား ဆင်းရဲပြီး တအားခိုင်းတယ်။ လုပ်နိုင်မှ လာပါ။ မလုပ်နိုင်ဘဲလာရင် ကုန်ကျစရိတ်မကျေဘဲ ပြန်ရနိုင်တယ်။ ဒါပေမယ့် ရွှေလီ၊ ကြယ်ဂေါင်ဘက် စက်ရုံတွေထက်တော့ နည်းနည်း သက်သာတယ်။ လစာလည်း အတူတူပဲ၊ လွတ်လပ်တယ်ပေါ့” ဟု မူဆယ်ဘက်မှ အလုပ်ပြောင်းလုပ်လာသူ ဝမ်းတွင်းမြို့ဒေသခံတစ်ဦးက ပြောသည်။
လာအိုနိုင်ငံရှိ လုပ်ငန်းအချို့တွင် လုပ်သားလိုအပ်ချက်ကြောင့် မြန်မာနိုင်ငံမှ လုပ်သားများကို ဝန်ဆောင်ခအခမဲ့နှင့် ခေါ်ယူမှုများရှိပြီး တချို့မှာလည်း ပွဲစားကို ဝန်ဆောင်ခပေးပြီး လမ်းစရိတ် ကျပ်သိန်းဆယ်ချီကုန်ခံကာ မြန်မာပြည်အရပ်ရပ်မှ လာရောက်လုပ်ကိုင်သူများလည်း ရှိကြောင်း၊ လက်ရှိတွင် လာအိုနိုင်ငံ၌ မြန်မာလုပ်သား သောင်းနှင့်ချီရှိနေကြောင်း သိရသည်။
ရွှေတြိဂံဧရိယာ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (က) ကျေးရွာ၏ မဲခေါင်မြစ်တဖက်ကမ်းရှိ လာအိုနိုင်ငံ၊ ဘော်ကဲယိုခရိုင်အတွင်း ကာစီနိုစီးပွားရေးဇုန်တွင် မြန်မာနိုင်ငံသားအလုပ်သမားများ ၂၀၀၆ ခုနှစ်ကတည်းက စတင်ဝင်ရောက်အလုပ်လုပ်ကိုင်နေခြင်းဖြစ်ပြီး အလုပ်သမားဦးရေ သောင်းနှင့်ချီရှိကြောင်း၊ လာအိုတွင် ရခိုင်ရွာဟု အမည်ပေးထားသည့် ရွာတည်ကာ နေထိုင်ကြပြီး ဆောက်လုပ်ရေး၊ စားသောက်ဆိုင်၊ ဟိုတယ်လုပ်ငန်း၊ ကာစီနိုလုပ်ငန်းနှင့် စိုက်ပျိုးရေးခြံများတွင် အများဆုံးလုပ်ကိုင်ကြပြီး အလုပ်ရှင်များမှာ တရုတ်လုပ်ငန်းရှင်များရှိကြောင်း သိရသည်။
မဟာ
#MeKongNews
#လာအိုနိုင်ငံ
#မြန်မာရွှေ့ပြောင်းလုပ်သား
#ဖိနှိပ်
#တရုတ်လုပ်ငန်းရှင်

















