မဲခေါင်၊ မတ် ၁၉
ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ပေါ်ရှိ လမ်းမများပေါ်တွင် “၁၉ ရက်နေ့ လူသတ်ပွဲ လုံးဝမမေ့နဲ့” စာသားပါ စာရွက်များ မတ်လ ၁၉ ရက် နံနက်အစောပိုင်းက လမ်းများပေါ် ဖြန့်ကြဲထားကြောင်း ဒေသခံများထံမှ သိရသည်။
၂၀၂၁ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီက အောင်ပန်းမြို့မှ လူငယ် ၁၉ ဦးခန့်ကို ရက်စက်စွာ ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ၄ နှစ်ပြည့်မြောက်မည့်နေ့ဖြစ်သဖြင့် တော်လှန်ပြည်သူအချို့က ယင်းလူသတ်ပွဲနေ့ကို သတိရစေရန် အမှတ်တရလှုပ်ရှားမှု ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်းသည်ဟု ဒေသခံတစ်ဦးက မဲခေါင်ကို ပြောသည်။
“အဲဒီနေ့ကပေါ့ လမ်းမှာ ကာဗာလုပ်ထားတဲ့ အတားအဆီးတွေကို Loader နဲ့ ဖယ်ပြီး နောက်က လူငယ်တွေကို ပစ်သတ်တာ၊ ၁၉ ဦးလောက်သေတာ” ဟု ၎င်းကပြောသည်။
စစ်တပ်အာဏာသိမ်းပြီးကာစ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၉ ရက်၊ နံနက် ၉ နာရီနှင့် ၁၀ နာရီကြားနှင့် နေ့လယ် ၁ နာရီခန့်တို့တွင် ရပ်ကွက် (၁)၊ ရပ်ကွက် (၂)၊ မြို့ဟောင်းနှင့် လက်မပင်ကြားရှိ အကာအကွယ်များကို ဖယ်ရှားပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ယင်းဒေသခံက မှတ်မိသမျှပြောပြသည်။
ယင်းသို့ စစ်ရာဇဝတ်မှု ကျူးလွန်မှုကိုစစ်ကောင်စီက အများပြည်သူသွားလမ်းကို ပိတ်ဆို့ထားသဖြင့် ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်ဟု ဆိုသည်။
“ပါတဲ့တပ်တွေက တောင်လေးလုံးက ရဲတပ်ရင်း၊ ကလောက ပညာရေး ၃ နဲ့ အရင်က အမတ ၄၊ အခုအ မတ ၃၅၅ က အင်အား ၂၀၀ လောက်ရှိမယ်” ဟု ယင်းဖြစ်ရပ်ကို ကိုယ်တိုင်တွေ့ကြုံခဲ့ရသူတစ်ဦးက မဲခေါင်ကို ပြောသည်။
စစ်ကောင်စီက ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ရုပ်အလောင်းများကို အောင်ပန်းတွင် သင်္ဂြိုလ်ခွင့်မပြုဘဲ ကလောကိုသယ်ဆောင်ကာ မီးရှို့ခဲ့သည်ဟု သိရသည်။
ယခု သတိတရ စာရွက်ဖြန့်လှုပ်ရှားမှုကို မည်သည့်အဖွဲ့မှ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားခြင်း မတွေ့ရသေးပေ။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ယမန်နေ့ မတ်လ ၁၈ ရက် ထုတ်ပြန်ချက်အရ စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် အတည်ပြု သေဆုံးသူ ၆၄၁၀ ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ ၃၁၀၀ ဦးခန့်ရှိနေကြောင်း သိရသည်။
မဟာ
#MeKongNews
#အောင်ပန်း
#မတ်၁၉
#စစ်အာဏာသိမ်း
#သတ်ဖြတ်
#ပြည်သူ








