မဲခေါင်၊ မတ် ၁၅
စစ်ကောင်စီတပ် အရှုံးကြီးခဲ့သည့် ရှမ်းပြည်မြောက်ပိုင်း “၁၀၂၇ စစ်ဆင်ရေး” များတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့်အတူ တိုက်ပွဲဝင်ခဲ့သည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တပ်တည်ထောင်ခြင်း ယနေ့ (မတ် ၁၅) တွင် ၄ နှစ်ပြည့်ပြီ ဖြစ်သည်။
တပ်တည်ထောင်ခြင်း ၄ နှစ်ပြည့်အခမ်းအနားအား လွတ်မြောက်ဒေသတွင် ယနေ့ ကျင်းပခဲ့ပြီး စစ်ရေးပြအခမ်းအနားများပါဝင်သည်ဟု PLA က ထုတ်ပြန်သည်။
ဗမာပြည်ကွန်မြူနစ်ပါတီ၏ တပ်မတော်ဖြစ်သော ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်တွင် ပြန်လည်ဖွဲ့စည်းခဲ့သဖြင့် ယနေ့တွင် ၄ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။
PLA သည် “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းနှင့် ဒုတိယပိုင်းစစ်ဆင်ရေးများတွင် ပါဝင်တိုက်ခိုက်ခဲ့သလို တအာင်းပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့်အတူ နောက်ဆုံးသိမ်းယူခဲ့သည့် ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့သိမ်းတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ရှမ်းပြည်မြောက်ပိုင်း သိန္ဒီမြို့သိမ်းတိုက်ပွဲတွင်လည်း TNLA နှင့်အတူ ပွဲဝင်တိုက်ခိုက်ခဲ့ပြီး PLA ရဲဘော် ၁၂ ဦးအထ ကျဆုံးခဲ့ရသည်။
PLA သည် စစ်ကိုင်းတိုင်းတွင် အမှတ် ၁ စစ်ဒေသ၊ တနင်္သာရီတိုင်းတွင် အမှတ် ၈ စစ်ဒေသ၊ ကိုးကန့်ဒေသတွင် အမှတ် ၉ စစ်ဒေသနှင့် တအာင်း(ပလောင်) ဒေသတွင် အမှတ် ၂ စစ်ဒေသများအဖြစ် ဖွဲ့စည့်ထားပြီး သက်ဆိုင်ရာမဟာမိတ်အဖွဲ့များအတူ တိုက်ပွဲဝင်နေသည်။
“၁၀၂၇ စစ်ဆင်ရေး” အတွင်း ကိုးကန့်တပ် MNDAA၊ တအာင်း(ပလောင်)တပ် TNLA နင့် ရခိုင်တပ် AA များနှင့်လည်း PLA သည် မြို့သိမ်းတိုက်ပွဲနှင့် စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်ခဲ့သည်။
PLA သည် ကိုးကန့်ဒေသတွင် ဖွဲ့စည်းခဲ့သည့် MNDAA ၆၁၁ တိုင်းရင်းသားတပ်မဟာ ကွပ်ကဲမှုအောက်၌လည်း စစ်ကောင်စီတပ်များအား တိုက်ခိုက်ချေမှုန်းရာတွင် ပါဝင်ခဲ့သေးသည်။
ထို့အပြင် ကဗျာဆရာမှ တော်လှန်ရေးသမားဖြစ်လာသူ မောင်ဆောင်းခ ဦးဆောင်နေသည့် ဗမာ့ပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နှင့်လည်း မဟာမိတ်ဖွဲ့ထားပြီး ပူးပေါင်းဆောင်ရွက်နေသည်။
ခေတ်သစ် မြန်မာ့နိုင်ငံရေးမှာ သက်တမ်း အရင့်ဆုံး ပါတီကြီးဖြစ်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ-ဗကပ၏ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်- PLA အနေဖြင့် အင်အားထောင်ချီ ရှိတယ်လို့ ထုတ်ပြန်ထားသည်။
၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ခု၏ လွတ်မြောက်နယ်မြေ တစ်နေရာတွင် ရဲဘော် ၃၂ ဦးနှင့် ပထမဆုံး စစ်သင်တန်း ဖွင့်လှစ်နိုင်ခဲ့သည့် PLA သည် ယနေ့တွင် ၄ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။
#MeKongNews
#ရှမ်းမြောက်
#PLA
#ပြည်သူ့လွတ်မြောက်ရေးတပ်မတော်
#လေးနှစ်ပြည့်
#စစ်ကောင်စီ
#စစ်ဆင်ရေး
#စစ်ဒေသ
#မဲခေါင်သတင်း








