မဲခေါင်၊ မတ် ၁၅
တာချီလိတ်မြို့နယ်အတွင်းနှင့် မိုင်းဖြတ်မြို့နယ်အတွင်း၌ လုပ်ကွက်တစ်ကွက်လျှင် ဧကရာနှင့်ချီရှိသည့် တရားမဝင် ရွှေလုပ်ကွက်ပေါင်း ၃၀ ခန့်ဖြင့် ရွှေတူဖော်မှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
တာချီလိတ်မြို့နယ်အတွင်းရှိ တာလေမြို့နှင့် မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် အများဆုံးတူးဖော်နေကြပြီး မိုင်းဖြတ်မြို့နယ်ဧရိယာအတွင်း၌လည်း တူးဖော်မှုများရှိကြောင်း၊ အချို့ရွှေလုပ်ကွက်များမှာ ဧက ၅၀၀မှ ဧက ၁၀၀၀ ခန့်အထိ ကျယ်ဝန်းပြီး အားလုံးမှာ တရားမဝင်လုပ်ကွက်များဖြစ်ကြောင်း တာလေ ဒေသခံတစ်ဦးက ပြောသည်။
“လုပ်ကွက် ၂၀ နဲ့ ၃၀ ကြားရှိတယ်။ အားလုံးက တရားဝင်ခွင့်ပြုချက်မရသေးဘဲ တူးနေကြတာ။ ဒေသတွင်းမှာရှိတဲ့ စစ်တပ်၊ ရဲ၊ တခြားဌာနဆိုင်ရာတွေအားလုံးကို လိုင်းကြေးပေးထားပြီးတူးနေတာ” ဟု ၎င်းကပြောသည်။
ယင်းရွှေလုပ်ကွက်များမှာ ကိုဗစ်-၁၉ ဖြစ်ပွားသည့် ၂၀၁၉၊ ၂၀၂၀ ခုနှစ်များအတွင်း ခေတ္တရပ်နားသွားသော်လည်း အာဏာသိမ်းသည့် ၂၀၂၁ နောက်ပိုင်း ပြန်လည်လုပ်ကိုင်လာပြီး လုပ်ကွက်များလည်း များပြားလာကြောင်း ဒေသခံများထံမှ သိရသည်။
တရားမဝင်လုပ်ကွက်များဖြစ်သည့်အတွက် သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံများ ထိခိုက်မှုကိုလည်း အလေးမထားဘဲ စိတ်တိုင်းကျလုပ်ဆောင်နေကြောင်း၊ ရွှေလုပ်ကွက်များမှာ တောင်ပေါ်တွင်တူးဖော်ကြခြင်းဖြစ်သည့်အတွက် သစ်တောပြုန်းတီးမှုများရှိသလို တောင်များလည်းပျက်စီးလာကြောင်း တာချီလိတ်ဒေသခံတစ်ဦးက ပြောသည်။
“တောင်တွေလည်းဘာမှမရှိတော့ဘူး။ အကုန်တူးထားတာ၊ အဝေးကနေကြည့်ရင်တောင် သိသာတယ်။ ရွှေရော၊ သတ္တုရောတူးတာ။ တရုတ်တွေလည်းပါတယ်” ဟု ၎င်းကပြောသည်။
တာလေမြို့အတွင်းရှိ ရွှေနှင့် သတ္တုလုပ်ကွက်များတွင် အသုံးပြုသည့် ဆိုင်ရာနိုက်မှာ လူနှင့် သဘာဝပတ်ဝန်းကျင်ကို အဆိပ်အတောက်ဖြစ်စေပြီး ယင်းဆိုင်ရာနိုက်များမှာ တာလေမြို့အတွင်းရှိ နမ့်လင်းချောင်းမှတဆင့် မဲခေါင်မြစ်အတွင်း စီးဝင်သွားကြောင်း သဘာဝပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားသူများက ထောက်ပြသည်။
ယင်းသို့စီးဝင်သွားပြီး မဲခေါင်မြစ်ကြောင်းတစ်လျှောက်ရှိ ပြည်သူများပါ အဆိပ်သင့်မှု ခံစားရသည့်အတွက် ထိုင်းနိုင်ငံပြည်သူများက ရှမ်းပြည်အရှေ့ပိုင်းရှိ ရွှေတူးဖော်မှုများကို မတ်လ ၁၄ရက်တွင် ဆန္ဒပြကြသည်။
ထိုင်းအစိုးရ၏ လေ့လာမှုများအရ မယ်ဆိုင်မြစ်၏ ရေကြောင်းတစ်လျှောက် မျောပါလာသည့် နုံးအနယ်အနှစ်များတွင် အာဆင်းနစ်၊ နီကယ်လ်နှင့် ဇင့် ပါဝင်မှု အများဆုံးဖြစ်နေပြီး ဇင့်ပါဝင်မှုမှာသတ်မှတ်ထားသည့်ပမာဏထက် ၁၈ ဆပိုများ နေကြောင်း သိရသည်။
ရှမ်းပြည်အရှေ့ပိုင်းနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းတို့တွင်၂၀၂၄ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလများအတွင်း ဆိုးရွာလှသည့် စံချိန်တင် ရေကြီးနစ်မြုပ်မှုကို ကြုံခဲ့ရပြီး ယင်းမှာ တရားမဝင်ရွှေနှင့် သတ္တုတူးဖော်မှုများ၏ အကျိုးဆက်ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
#MeKongNews
#တာချီလိတ်
#တရားမဝင်ရွှေတူး
#တာလေမြို့
#မိုင်းကိုး
#ဆိုင်ရာနိုက်








