မဲခေါင်၊ မတ် ၁၃
ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အနီး တောင်ခမ်းဒေသတွင် စစ်ကောင်စီတပ်နှင့်တော်လှန်ရေးတပ်များတိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးတပ်ဘက်မှ ဆုတ်ခွာမှုများရှိနေကြောင်း တောင်ခမ်းဒေသတွင်ရှိနေသော မြေပြင်ရဲဘော်များကပြောသည်။
စစ်ကောင်စီတပ်သည် မြေပြင်ထိုးစစ် အပြင်းအထန်ပြုလုပ်နေသည့်အပြင် ဒရုန်းတိုက်ခိုက်မှုများလည်း ဆက်တိုက်ပြုလုပ်နေသောကြောင့် တောင်ခမ်းပတ်ဝန်းကျင်မှ ဆုတ်ခွာပေးထားရကြောင်း တောင်ခမ်းဒေသရှိ မြေပြင်ရဲဘော်က ဆိုသည်။
“ဆုတ်တာတော့ အကုန်ဆုတ်ပေးထားရတာ၊ စခဘက်ကထိုးစစ်တအားကြီးတယ်၊ဒရုန်းတွေနဲ့လဲတိုက်ခိုက်နေတာ TNLAကတော့ ထိုးစစ်ဆင်ဖို့တောင်ပေါ်က ရှိသမျှ တလရ အဖွဲ့စည်းမှန်သမျှကို ထိုးစစ်မှာ ပါဝင်ပေးကြဖို့ ပြောထားတယ် လက်နက်ခဲယမ်းကအစ သူတို့ ထောက်ပံ့ထားတယ်” ဟု မဲခေါင်ကိုပြောသည်။
ယခင် တော်လှန်ရေးတပ်များထိန်းချုပ်ထားနိုင်သော တောင်ခမ်းဒေသအနီးပတ်ဝန်းကျင် နေရာများမှ ဆုတ်ခွာမှုတွေပြုလုပ်ထားရပြီး နောင်ချိုမြို့ကိုတော့ ဆက်ထိန်းထားသည်ဟု ဆိုသည်။
“နောင်ချိုကို ၃ လအတွင်း စစ်ကောင်စီက ပြန်ယူမယ်ဆိုပြီး ကြွေးကြော်ထားတယ်၊ ဒါပေမဲ့လည်း ကျနော်တို့ဘက်က တိုက်စစ်ပြန်ဖော်နေတော့ သူတို့(စစ်ကောင်စီ) လွယ်တော့မလွယ်ဘူး၊ ကံ့ကော်ဘက်ကို အခုကျနော်တို့ ပြန်ထိုးနေတာ တချို့နေရာတွေ ပြန်ရထားပါပြီ” ဟု ရှင်းပြသည်။
နောင်ချိုနှင့် တောင်ခမ်းဒေသဝန်းကျင်ရှိ တော်လှန်ရေးတပ်များအား စစ်ကောင်စီ၏ တောင်ခမ်းအခြေစိုက်အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်မှ ထိုးစစ်ဆက်တိုက်ခိုက်နေခြင်းဖြစ်ပြီး ဒရုန်းအသုံးပြုမှုနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။
“တိုက်ပွဲရပ်တာတော့ မရပ်ဘူး၊ ကြိုကြား ကြိုကြားတော့ နေ့တိုင်းဖြစ်တယ်၊ ဒရုန်းနေ့တိုင်းပဲ” ဟု ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် တာဝန်ခံ ကိုထွန်းနိုင်က မဲခေါင်ကိုပြောသည်။
တောင်ခမ်းဒေသအား TNLA၊ DPLA နှင့် တော်လှန်ရေးတပ်များ ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ ယခင်နှစ် နှစ်ဝက်ဝန်းကျင်ကတည်းက ဖြစ်သည်။
ပြင်ဦးလွင်မြို့၊ ကျောက်မဲလေးဒေသတွင်လည်း MDY PDF တပ်နှင့် စစ်ကောင်စီတပ်တို့ စစ်ရေးရင်ဆိုင်ထားမှုများရှိနေပြီး တောင်ခမ်းဒေသမှ အလွယ်တကူသွားရောက်နိုင်သောကြောင့် စစ်ကောင်စီတပ်မှ အစွမ်းကုန်ကာကွယ်နေသည်။
တောင်ခမ်းဒေသရှိစစ်ကောင်စီအမြောက်စခန်းအား ကျောက်ဂူဒေသ၊ ကျောက်ဂူ-နမ့်လန်-ရပ်စောက်လမ်းပိုင်းမှ ရိက္ခာနှင့်စစ်ကူများအား ယာဉ်တန်းများဖြင့်ပို့ဆောင်ပေးနေပြီး ၎င်းလမ်းပိုင်းကို SSPP တပ်များမှ လုံခြုံရေးယူပေးထားကြောင်း ယခုနှစ် ဇန်နဝါရီလထဲတွင် စစ်ကောင်စီထောက်ခံသူများမှ ရေးသားမှုများရှိခဲ့သည်။
ဂနိုက်
#MeKongNews
#ရှမ်းမြောက်
#နောင်ချို
#တောင်ခမ်း
#တအာင်း
#တော်လှန်ရေး
#စစ်ကောင်စီ
ဓာတ်ပုံ – ပုံဟောင်းဖြစ်ပါသည်။








