မဲခေါင်၊ မတ် ၁၀
မြောက်ကိုရီးယားနိုင်ငံအတွက် ပထမဆုံးသော နျူကလီးယားလောင်စာသုံး ရေငုပ်သင်္ဘော တည်ဆောက်နေသည့်နေရာသို့ ကင်ဂျုံအန်သွားရောက် စစ်ဆေးခဲ့သည့် ဓာတ်ပုံမှတ်တမ်းများကို မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာ KCNA က ထုတ်ဖော်ပြသသွားခဲ့သည်။
ထုတ်ဖော်ပြသခဲ့သော ဓာတ်ပုံမှတ်တမ်းများကို ကျွမ်းကျင်သူများက လေ့လာခဲ့ရာတွင် အဆိုပါ ရေငုပ်သင်္ဘောသည် တန် ၆၀၀၀ မှ ၇၀၀၀ အဆင့်ရှိ ရေငုပ်သင်္ဘောဖြစ်ပြီး နျူထိပ်ဖူးတပ် ပဲ့ထိန်းတိုက်ချင်းပစ် ဒုံးကျည် ၁၀ လုံးတင်ဆောင်နိုင်ဖွယ်ရှိကြောင်းနှင့် ထိုဒုံးကျည်ဖြင့် အမေရိကန်အပါ နောက်နိုင်ငံများသို့ ပစ်ခတ်နိုင်စွမ်းရှိမည် ဟု သုံးသပ်ခဲ့ကြသည်။
KCNA သတင်းဖော်ပြချက်တွင် ရေငုပ်သင်္ဘောအကြောင်း အသေးစိတ်ဖော်ပြခြင်းမရှိသော်လည်း ကင်ဂျုံအန် ၏ အာဘော်ဖြစ်သော ရေကြောင်းစစ်အင်အား မြှင့်တင်တိုးချဲ့မှု၏ ပြယုဂ်ဖြစ်ကြောင်း၊ နိုင်ငံ၏ ရည်မှန်းချက် များထဲမှ တစ်ခုသော အောင်မြင်မှုအသီးအပွင့်အဖြစ် နိုင်ငံ၏ ပထမဆုံးသော နျူကလီးယားလောင်စာသုံး ရေငုပ် သင်္ဘောကြီး တည်ဆောက်ပြီးစီးနိုင်တော့မည်ဖြစ်ကြောင်းသာ ဖော်ပြပါရှိခဲ့သည်။
တောင်ကိုရီးယားရေငုပ်သင်္ဘောဆိုင်ရာ ကျွမ်းကျင်သူ မွန်ကောင်ဆစ်က မြောက်ကိုရီးယား၏ နျူကလီးယား တင်ဆောင်နိုင်စွမ်းရှိသော ပဲ့ထိန်းဒုံးများပါ ရေငုပ်သင်္ဘောသည် အဓိကအားဖြင့် အမေရိကန်နှင့်တောင်ကိုရီးယား အတွက် ခြိမ်းခြောက်မှုဖြစ်ကြောင်း သုံးသပ်ခဲ့သည်။
မတ် ၁၀ ရက်နေ့တွင် ကိုရီးယားကျွန်းဆွယ်ပေါ် အမေရိကန်နှင့် တောင်ကိုရီးယားတို့ နှစ်စဉ်ကျင်ပနေကြ Freedom Shield ပူးပေါင်းစစ်ရေးလေ့ကျင့်မှု စတင်တော့မည်ဖြစ်ရာ ထိုလေ့ကျင့်မှုမတိုင်ခင် ကင်ဂျုံအန်ဘက်မှ မဟာဗျူဟာ ရေငုပ်သင်္ဘော တည်ဆောက်မှုကို စတင် အသိပေးလာခြင်းလည်းဖြစ်သည်။
Ref:Thesun
ကိုကလင်း
#MeKongNews
#မြောက်ကိုရီးယား
#ရေငုပ်သင်္ဘော
#နူထိပ်ဖူးတပ်
#အင်ဂျုံအန်း








