ကျိုင်းတုံတွင် ကျောင်းမှပြန်လာသည့် သားအမိထံမှ ဆိုင်ကယ်လုပြီး ရန်ပြုသွား၊ ကလေးလက်ချောင်းကျိုး
မဲခေါင်၊ မတ် ၇
ကျိုင်းတုံမြို့၊ နောင်လိတ်အရပ်ရှိ တရုတ်စာသင်ကျောင်းမှ ကလေးကို သွားကြိုပြီး ပြန်လာသည့် မိခင်ဖြစ်သူနှင့် သမီးဖြစ်သူထံမှ ရန်ပြုကာ ဆိုင်ကယ်ကိုလုယူခဲ့သဖြင့် ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
မတ်လ၆ရက်တွင် ဝေါ်ခုတ်ဘက်မှ နောင်လိတ် တရုတ်စာသင်ကျောင်းသို့ လယ်ကွင်းဘက်မှ သွားကြိုသည့် သားအမိ ဆိုင်ကယ်လုခံရခြင်းဖြစ်ပြီး လုယက်သူများ၏ ရန်ပြုမှုကြောင့် မိခင်ဖြစ်သူမှာ နဖူးကွဲပြီး ကလေးငယ်မှာ လက်ချောင်းကျိုးသွားကြောင်းသိရသည်။
ဆိုင်ကယ်လုရာတွင် လူကိုကန်ပြီး လဲအကျ ဆိုင်ကယ်ကို လုယူထွက်ပြေးခြင်းဖြစ်သည်ဟု ပတ်ဝန်းကျင်ထံမှ သိရသည်။
ဆိုင်ကယ်လုခံရသည့် လမ်းအနီး ယခင်ကျောင်းဈေးဆိုင်လမ်းကြားဘက်ရှိ လယ်ကွင်းထဲတွင် ဆေးသမားများအဖွဲ့လိုက် တဲထိုးနေကြကြောင်း၊ ယခင်ကလည်း ယင်းတရုတ်ကျောင်း အကြို၊ အပို့ပြုလုပ်သူများထံမှ ဆိုင်ကယ်လုယက်သည့်ဖြစ်စဉ်များ ရှိခဲ့သလို ယနေ့ မတ်လ ၇ရက် နံနက်ပိုင်းတွင်လည်း လုယက်ရန်ကြိုးစားခဲ့သေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ကျမ စက်ချုပ်သမားလည်းလုခံရတယ်။ ဆိုင်ကယ်ပါမသွားဘူး။ ဒီနေ့မနက် ခွဲဝန်းကျင်၇ခွဲ တရုတ်ကျောင်းသွားကြိုဖို့ အသွားမှာ” ဟု၎င်းက ပြောသည်။
ကျိုင်းတုံမြို့သည် ရှမ်းပြည်အရှေ့ပိုင်း၏ မြို့တော်ဖြစ်သလို စစ်ကောင်စီ၏ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ပြည်နယ်ခွဲအုပ်ချုပ်ရေးနှင့် ပြည်နယ်ခွဲရဲမှူးကြီးအဆင့် ရုံးများရှိသော်လည်း နေ့စဥ်လို ဆိုင်ကယ်လုခံရမှုများဖြစ်ပွားနေသည့်အပေါ် ပြည်သူများက ဝေဖန်နေကြသည်။
#MeKongNews








