စပါယ်ရှယ်တောင် ချောက်ထဲကျသည့်ကား ခရီးသည်များထံမှ ဖုန်းနှင့် အဖိုးတန်ပစ္စည်းများ ယူဆောင်ခံရ
မဲခေါင်၊ မတ် ၅
တာချီလိတ်မှ ထွက်ခွာပြီး ကျိုင်းတုံမှ တောင်ကြီးဘက်သို့ မောင်းနှင်လာသည့် GI Express ကား ချောက်ထဲကျတိမ်းမှောက်သည့် ဖြစ်စဥ်၌ ကူညီကယ်ဆယ်ရမည့်အစား ကယ်ဆယ်ကူညီရေးအဖွဲ့များ မရောက်မီ ဖုန်း၊ ငွေနှင့် အဖိုးတန်ပစ္စည်းများ ယူဆောင်ခံရကြောင်း ကူညီခဲ့သူများနှင့် နီးစပ်သူထံမှ သိရသည်။
ကားချောက်ထဲကျသည့်အသံ ကျယ်လောင်စွာထွက်ပေါ်လာပြီးနောက် ကယ်ဆယ်ရေးအဖွဲ့များ မရောက်မီ ကား၊ ဆိုင်ကယ်များဖြင့် လူအချို့ရောက်လာကာ ဖုန်း၊ ပိုက်ဆံနှင့် အဖိုးတန်ပစ္စည်းများကို လုယူ၊ ယူဆောင်သွားခြင်းဖြစ်ကြောင်း၊ ကူညီကယ်ဆယ်ရေးကို မလုပ်ဆောင်ခဲ့ကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်သူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အခင်းဖြစ်ပွားသည့်နေရာမှာ ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှ တောင်ကြီးသို့မောင်းနှင်သည့် လမ်းပေါ်ရှိ စပါယ်ရှယ်တောင်တွင် ဖြစ်ကာ GI Group ခရီးသည်တင်ယာဉ်သည် မတ် ၁ ရက်နေ့ ည၈နာရီခွဲအချိန်က ဘရိတ်ပျောက်ပြီးအရှိန်မထိန်းနိုင်သဖြင့် လမ်း၏ယာဖက်ရှိ ချောက်အနက် ပေ၅၀၀ခန့်သို့ ထိုးကျတိမ်းမှောက်သွားကာ ယာဉ်ပေါ်၌စီးနင်းလိုက်ပါလာသူ ယာဥ်မောင်းအကူအပါ ၇ဦး သေဆုံးပြီး ၂၂ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ခြင်း ဖြစ်သည်။
ကျိုင်းတုံ – တောင်ကြီးလမ်း စပါယ်ရှယ်တောင်အဆင်း၌ ယင်းဖြစ်စဉ်မျိုး ကြုံရတတ်ပြီး TE 11 / RTC ယာဉ်တန်းခေတ် ၁၉၈၀ခုနှစ်ကတည်းကပင် ကြားသိတွေ့မြင်ရဖူးပြီး ချောက်ထဲထိုးကျသွားသည့် ကားပေါ်မှ ကုန်၊ ပစ္စည်းများနှင့် အဖိုးတန်ပစ္စည်းများကို လာရောက် လုယက်ယူငင်ကြကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
၁၉၉၉ခုနှစ်ခန့်တွင်လည်း လာအို – ထိုင်း – မြန်မာနယ်စပ်အနီး မြန်မာပိုင်နယ်ထဲတွင် ပျက်ကျသွားသည့် မြန်မာ့လေကြောင်းလေယာဉ်ဖြစ်စဉ်၌ လေယာဉ်စီးနင်းလိုက်ပါလာကြသူ ခရီးသည်အချို့၏ လက်ဝတ်ရတနာများကို ရုပ်ပျက်ဆင်းပျက်လုယူခြင်း ခံရသည်များရှိကြောင်း သိရသည်။
GI ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်စဉ်တွင် ဒဏ်ရာရသူ ၂၂ဦးတို့မှာ ယာဥ်မောင်း၊ ယာဥ်နောက်လိုက်၊ ယာဥ်အကူမယ်တို့ ၃ဦး၊ မတ္တရာမှ၉ဦး၊ သာစည်မှ၃ဦး၊ ကျိုင်းတုံမှ ၃ဦး၊ တနိုင်းမှ၂ဦး၊ မြန်အောင်မှ တစ်ဦးနှင့် မန္တလေး၊ ပြည်ကြီးတံခွန်မှတစ်ဦးတို့ဖြစ်ကြပြီး ယာဥ်မောင်းဇော်မှိုင်းကို အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
မဟာ
#MeKongNews








