စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုကြောင့် TNLA ထိန်းချုပ် နယ်မြေများတွင် တစ်လအတွင်း ပြည်သူ ၁၃ ဦး သေဆုံး
မဲခေါင်၊ မတ် ၄
ဖေဖော်ဝါရီတစ်လအတွင်း ရှမ်းမြောက်ဒေသ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်နယ်မြေတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၁၃ ဦးသေဆုံးကာ ၃၆ ဦး ဒဏ်ရာရရှိခဲ့သည်။
ဖေဖော်ဝါရီလ ၆ ရက်တွင် နောင်ချိုမြို့ သပြေတောင်ရပ်ကွက်တွင် စစ်ကောင်စီတပ်မှ ဗုံး (၁)လုံး ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူ (၁)ဦး ဒဏ်ရာရရှိပြီး နေအိမ် (၅)လုံး ပျက်စီးခဲ့သည်။
ဖေဖော်ဝါရီလ ၁၀ ရက်တွင် မိုးကုတ်မြို့အနောက်ပိုင်း ဝန်းထရံရပ်ကွက်အတွင်း လေကြောင်းကိုအသုံးပြုပြီး ဗုံး (၂၀)လုံး လာရောက်ကြဲချမှုကြောင့် ပြည်သူ (၅)ဦး သေဆုံးခဲ့ပြီး (၁၉)ဦး ဒဏ်ရာရရှိကာ နေအိမ် ( ၅)လုံး ပျက်စီးသွားခဲ့သည်။
ဖေဖော်ဝါရီလ ၁၅ ရက်တွင် နောင်ချိုမြို့နယ်၊တောင်ခမ်းဒေသရှိ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (၉၀၂)၊ခမရ (၄၀၆)၊တပ်ရင်း (၃၅၄)တို့မှ လက်နက်ကြီးအလုံးရေ ၁၃၇ လုံး နောင်ချိုမြို့ထဲပစ်ခတ်ခဲ့ကာ လေကြောင်းက ဗုံးသီး ၃၈ လုံးကြဲချခဲ့ပြီး နာဆွေကျေးရွာ၊ အုမ္မတီးကျေးရွာ၊ ညောင်နီကျေးရွာနှင့် တောင်ရွှေကျေးရွာများသို့ ကျရောက်ခဲ့သည်။
ဖေဖော်ဝါရီ လ ၂၀ ရက်တွင် နောင်ချိုမြို့ ဘူတာရပ်ကွက်နှင့် နောင်ချိုပြည်သူ့ဆေးရုံပေါ် ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူ (၃)ဦး သေဆုံးခဲ့ရပြီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဖေဖော်ဝါရီလ ၂၀ ရက်တွင်ပင် မိုးမိတ်မြို့နယ် ဝဲဘောင်းကျေးရွာကို လေကြောင်းဖြင့် ဗုံး (၂)လုံး လာရောက်ကြဲချမှုကြောင့် ပြည်သူ (၃)ဦး သေဆုံးခဲ့ရပြီး (၇)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၅)လုံး ထိမှန်ပျက်စီးခဲ့သည်။
ဖေဖော်ဝါရီလ ၂၀ ရက်မှာပဲ နောင်ချိုမြို့နယ် လောက်ဖန်းကျေးရွာကို စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ (၁)ဦး သေဆုံးခဲ့ပြီး ကလေးငယ်အပါအဝင် (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် (၆) လုံး ထိခိုက်ပျက်စီးခဲ့သည်။
ဖေဖော်ဝါရီလ ၂၂ ရက်တွင် နောင်ချိုမြို့နယ် ရွှေမုဋ္ဌောကျေးရွာနှင့်တောင်ရှည်ကျေးရွာကို ဗုံး (၃၂) လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူ (၁) ဦး သေဆုံးခဲ့သည်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် တောင်ရှည်ကျေးရွာနှင့် မန်မော်ကျေးရွာကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း အဆိပ်ငွေ့ဗုံးကို အသုံးပြုတိုက်ခိုက်မှုကြောင့် TNLA တပ်သား (၁၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၄) ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့သည်။
ဖေဖော်ဝါရီလ ၂၈ ရက်တွင် နောင်ချိုမြို့နယ်ရွှေမုဋ္ဌောကျေးရွာကို လေကြောင်းဖြင့် ဗုံး (၃)လုံး လာရောက်ကြဲချမှုကြောင့် မယ်သီလရှင် (၁)ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၅)လုံးနှင့် ဘုန်းကြီးကျောင်း (၁)ကျောင်း ထိမှန်ပျက်စီးသွားခဲ့သည်။
ဖော်ပြပါကိန်းဂဏန်းများသည် TNLA ၏ထုတ်ပြန်ချက်ကိန်းဂဏန်းများသာဖြစ်ပြီး မြေပြင်တွင် ပိုမိုများပြားနိုင်ပေသည်။
စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကြောင့် ဆွေးနွေးရန်အသင့်ရှိကြောင်း TNLA က ယခုနှစ်အစောပိုင်းတွင် ကြေညာခဲ့ပြီးနောက် ဖေဖော်ဝါရီလထဲတွင် တရုတ်ပြည်၌ စစ်ကောင်စီကိုယ်စားလှယ်များနှင့်ဆွေးနွေးခဲ့ပေမဲ့ အောင်မြင်ခြင်းမရှိပဲ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေသည်။
TNLA ထိန်းချုပ်ဒေသ နောင်ချိုမြို့နယ်အနီး တောင်ခမ်းဒေသတွင်လည်း စစ်ကောင်စီနှင့် TNLA တို့တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ နေ့စဉ်ဆိုသလိုလေကြောင်းတိုက်ခိုက်နေသည်။
ယခုနှစ်ဇန်နဝါရီလ တလအတွင်း စစ်ကောင်စီတပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့် TNLA ထိန်းချုပ်ဒေသအတွင်း ပြည်သူ ၁၃ ဦးသေဆုံးကာ ဒဏ်ရာရရှိသူ ၂၆ ဦးအထိရှိခဲ့သည်။
ပြည်သူများအနေဖြင့် လေကြောင်းတိုက်ခိုက်မှုအသိပညာပေးများအတိုင်း လိုက်နာဆောင်ရွက်ကြရန် TNLA ထုတ်ပြန်ချက်များတွင်ဖော်ပြနေပေမဲ့ မြေပြင်တွင် အင်တာနက်အသုံးပြုမှုကန့်သတ်ထားခြင်းကြောင့် စစ်ကောင်စီတပ်၏တိုက်ခိုက်ရေးလေယာဉ်ပျံသန်းမှုအား ပြည်သူများသိရခြင်းမရှိပေ။
ဂနိုက်









