ညောင်ရွှေမြို့နယ်အတွင်း စစ်ကောင်စီတိုက်ခိုက်မှုကြောင့် တစ်လအတွင်း ကလေး ၁ ဦး အပါ ပြည်သူ ၅ ဦးသေဆုံး
မဲခေါင်၊ မတ် ၃
ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီမှ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းဖြင့် အသုံးပြုကာ တိုက်ခိုက်ခဲ့သည့်အတွက် တလတာအတွင်း အသက်(၁၀) နှစ်အရွယ်ကလေးတဦးအပါအဝင် အရပ်သား ငါးဦးသေဆုံးခဲ့ကြောင်း အင်းလေးလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်သည်။
ဖေဖော်ဝါရီလ တလတာအတွင်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်မှု (၁၃၉) ကြိမ်လုပ်ဆောင်ခဲ့ပြီး အရပ်သား ငါးဦးသေဆုံးကာ ကိုးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် စာသင်ကျောင်းဆောင်တလုံးအပါအဝင် နေအိမ်အဆောက်အအုံ ၂၅ လုံးပျက်စီးခဲ့သည်။
စစ်ကောင်စီအနေဖြင့် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုများနှင့် စစ်ရာဇဝတ်မှုများကို မှတ်တမ်းတင်ထားပြီး အနာဂတ်အသွင်ကူးပြောင်းရေးကာလတရားမျှတမှုတွင် ပြန်လည်ကုစားနိုင်ရေးအတွက် အရေးယူမှုများ လုပ်ဆောင်မည်ဟု အင်းလေးလူ့အခွင့်အရေးတာဝန်ရှိသူတဦးက မဲခေါင်ကိုပြောသည်။
“အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာပဲ၊ စစ်ကိုစစ်နဲ့တူအောင်မတိုက်နိုင်တော့ တရားလက်လွှတ်လုပ်ချင်သလိုလုပ်ကြတာက သူတို့ရဲ့အစဉ်အလာအလုပ်လိုဖြစ်နေပြီ၊ အဲတော့ကျနော်တို့က သူတို့ရဲ့ရာဇဝတ်မှုတွေကို သေသေချာချာမှတ်တမ်းတင်ထားပါတယ်”ဟု သူက ပြောသည်။
လက်ရှိ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်မှ အရပ်သားပစ်မှတ်ထားတိုက်ခိုက်ရာ ကျေးရွာများသည် မိုးဗြဲမြို့သို့ စစ်ကူပေးပို့နိုင်သည့် လမ်းကြောင်းပေါ်တွင် တည်ရှိသည့်အတွက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေခြင်း ဖြစ်သည်။
သုဝဏ္ဏခွန်
#MeKongNews
ပုံ – အင်းလေးလူ့အခွင့်အရေးအဖွဲ့









