နောင်ချိုမြို့နယ်၌ တိုက်ပွဲပြင်းထန်နေသဖြင့် ကုန်စည်ပို့ဆောင်ရေးကားများ ပိတ်မိနေ
မဲခေါင် ၊ ဖေဖော်ဝါရီ ၂၇
ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၌ တော်လှန်ရေးပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီအကြား ယနေ့ တိုက်ပွဲပြင်းထန်နေသဖြင့် ဒေသခံကုန်ကားများ ပိတ်မိနေကြောင်း ဒေသခံများကပြောသည်။
ကျောက်မဲလေး၊ အုမ္မတီး၊ တောင်ခမ်းစသည့်ဒေသများ၌ တိုက်ပွဲဖြစ်ပွါးနေသဖြင့် နောင်ချိုမှ ပြင်ဦးလွင်တက်မည့် ဒေသခံကုန်ကားများ သုံးဆယ်-အုမ္မတီးလမ်းတလျှောက်ပိတ်မိနေသည်။
“ ဒီရာသီက ကြံတွေရိတ်သိမ်းချိန်၊ ဒေသခံတွေက ကြံကိုပဲအားပြုစိုက်ရတာကိုး၊ ကြံကားတွေဖြတ်သန်းဖို့ စစ်ဆိုင်နေတဲ့အတွက်ကြောင့် လမ်းတွေပိတ်ထားရတယ်၊ ဘိလပ်မြေကားတွေရော အခြားကုန်စည် သယ်တဲ့ကားတွေရောပဲ” ဟုဒေသခံက မဲခေါင်ကို ပြောသည်။
သုံးဆယ်စျေး(သုံးဆယ်မြို့)သည် ပြင်ဦးလွင်နှင့် နောင်ချိုအကြားသည် ကုန်စည်သန်းရောင်းဝယ်ရာ စုရပ်တစ်ခုဖြစ်ပြီး နောင်ချိုမြို့နှင့်မြေပြင်အဖြောင့် ၁၂ မိုင်ခန့်ကွာဝေးသည်။
ယခုလအတွင်း နောင်ချိုမြို့ကိုစစ်တပ်မှ လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်ခဲ့ပြီးနောက် တောင်ခမ်းဒေသရှိစစ်ကောင်စီအခြေစိုက်စခန်းမှ နောင်ချိုမြို့ဘက်အား မြေပြင်ထိုးစစ်ဆင်မှုများလည်း ပြုလုပ်နေသည်။
“ နောင်ချို နဲ့ပြင်ဦးလွင်၊ တောင်ခမ်းအစပ်က ဒေသတွေမှာတော့ လေကြောင်းအန္တရာယ်၊ ဒရုန်းအန္တရာယ်တွေကတော့ ခုရက်ပိုင်းပြင်းပြင်းထန်ထန်ရင်ဆိုင်နေရတာ” ဟုဒေသခံကပြောသည်။
နောင်ချိုမြို့အား ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း TNLA နှင့် တော်လှန်ရေးတပ်များမှ ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အစပိုင်း ဇန်နဝါရီလလယ်ဝန်းကျင်မှစတင်ကာ စစ်ကောင်စီမှလေကြောင်းတိုက်ခိုက်မှုများအပြင် မြေပြင်ထိုးစစ်များပြုလုပ်နေသည်။
တိုက်ပွဲပြင်းထန်နေသည့် တောင်ခမ်းဒေသမှနောင်ချိုမြို့သို့ စစ်ကောင်စီက မြေပြင်စစ်ကြောင်းထိုးနိုင်ရန် ရှမ်းပြည်တောင်ပိုင်း၊ ကျောက်ဂူ-နမ့်လန်-ရပ်စောက် လမ်းပိုင်းမှတဆင့် စစ်ကောင်စီတပ်များက ရိက္ခာ၊ စစ်ကူ၊ ခဲယမ်းများပို့ဆောင်ပေးနေသည်။
ဂနိုက်
#MeKongNews








