ကရင်နီပြည် စစ်ရှောင်များထဲမှာ အမျိုးသမီးနှင့် ကလေးများ ကြီးမားသည့် စိန်ခေါ်မှုများရှိနေ
မဲခေါင်၊ ဖေဖေါ်ဝါရီ ၂၆
စစ်ကောင်စီ အာဏာသိမ်းပြီးချိန်က စတင်ကာ ယနေ့ အထိ စစ်ဘေးရှောင်အမျိုးသမီးများနှင့် ကလေးငယ်များ ခက်ခဲကြပ်တည်းခြင်းနှင့် စိန်ခေါ်မှု များစွာရှိနေသည် ဟု ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ( IEC) ၏ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာန တာဝန်ရှိသူက ပြောသည်။
အမျိုးသမီးများထဲမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့် လမ်းပန်းဆက်သွယ်ရေး မကောင်းသဖြင့် အရေးပေါ် ခွဲစိတ်ကုသရန်ခက်ခဲခြင်း၊ လုံခြုံရေး အာမခံချက်မရှိခြင်းကြောင့် ပြီးဆုံးသည်အထိ ဆေးကုသခွင့် မရခြင်းအပြင် ဆေးရုံ ဆေးခန်းလုံလောက်မှုမရှိခြင်းကြောင့် နောက်ဆက်တွဲ ဆေးကုသမှုခံယူရန်ခက်ခဲခြင်းများ ကြုံတွေ့နေရသည်။
“ ဥပမာ ကလေး အသားဝါတာတို့၊ မိခင် နာမကျန်းတာတို့ရှိခဲ့ရင်လည်း ဆေးရုံတွေက လေယာဉ် လက်နက်ကြီးဒဏ်ကို ကြောက်တာနဲ့ မြန်မြန်ကု မြန်မြန်ပြန်ရတာတွေရှိတယ်” ဟု IEC အမျိုးသမီးနှင့် ကလေး သူငယ်ရေးရာဌာန ဌာနတာဝန်ရှိသူကပြောသည်။
၂၀၂၄ ခုနှစ်၊ နှစ်ကုန်စာရင်းအရ စစ်ရှောင်စခန်းတွင်နေထိုင်နေကြသည့် ကိုယ်ဝန်ဆောင်မိခင် ၇၅၀ ဝန်းကျင်ရှိပြီး ပြည်နယ်တဝှမ်း၌ ကိုယ်ဝန်ဆောင်မိခင် ၃၀၀၀ ခန့်ရှိသည်ဟုဆိုသည်။
ကလေးငယ်များတွင်လည်း အတည်တကျပညာသင်ကြားခွင့်မရခြင်း၊ သောက်သုံးရေ သန့်ရှင်းမှုမရှိခြင်းကြောင့် အရည်ပြား အနာရောဂါများဖြစ်ခြင်း၊ လူဦးရေထူထပ်ခြင်းကြောင့် အမျိုးသမီး နှင့်ကလေးငယ်များ လိင်ပိုင်းဆိုင်ရာ ထိပါးခံရသည့် ပြသနာများဖြစ်ပေါ်နေသည်။
ကရင်နီပြည်၌ စစ်ဘေးရှောင်ပြည်သူ သုံးသိန်းဝန်းကျင်ရှိပြီး ထိုပမာဏထဲ၌ အမျိုးသမီး ၆၂ ဒသမ ၁ ရာခိုင်နှုန်းရှိကာ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးရမှုများလည်း ရှိကာ စားဝတ်နေရေး အခက်အခဲ၊ သောက်သုံးရေ၊ ဆေးဝါးအခက်အခဲ နှင့် အလုပ်အကိုင် ရှားပါးမှုများကြုံတွေ့နေရသည်။
မြူနှင်း
#MeKongNews








