လွဲမှားသောကျန်းမာရေးအသိများကို ဆုတ်ကိုင်ထားသည့် တောင်ပေါ်ဒေသခံများ ကုသစရိတ်နှင့် ကျန်းမာရေးအသိ လိုအပ်နေ
မဲခေါင်၊ ဖေဖေါ်ဝါရီ ၂၆
ကြွက်ဘေးကျရောက်သဖြင့် စားနပ်ရိက္ခာရှားပါးနေသည့် ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်အတွင်းရှိ ကျိုင်းတုံ၊ မိုင်းပျဉ်းမြို့နယ် ၊ တောင်ပေါ်ဒေသများ၌ ဒေသခံများအနေဖြင့် ဆေးကုသစရိတ်မရှိသည့် အခြေအနေနှင့်ရင်ဆိုင်နေရသည့်အပြင် လွဲမှားသောကျန်းမာရေးအသိများကို ဆုတ်ကိုင်ဖြေရှင်းနေကြသည်။
ကြွက်ဘေးကြောင့် ဆန်စပါးအပါအဝင် တောင်ယာထွက်သစ်သီးဝလံထွက်နှုန်း ကျဆင်းနေသည့်အခြေအနေကို ဒေါက်တာနန်းမာလာဝမ်း၏ သတင်းစကားအရ မဲခေါင်၌ ယမန်နေ့(ဖေဖေါ်ဝါရီ ၂၅)ရက်က ဖေါ်ပြခဲ့ပြီးဖြစ်သည်။
ထိုဒေသ၌ လက်ရှိဖြစ်ပေါ်နေသော ကျန်းမာရေးပြဿများထဲမှ တစ်ခုသည် ကလေးများနှင့် သက်ကြီးပိုင်းများ အမြင်အာရုံထိခိုက်သည့်ရောဂါများဖြစ်ပေါ်နေသည်။ မျက်ကြည်လွှာထိခိုက်ကာ ဆေးကုသမရနိုင်ပဲ အမြင်ကွယ်သည့် ကလေး ၁၀ ဦးခန့်ကို ဒေါက်တာ နန်းမာလာဝမ်း မြင်တွေ့ခဲ့ရသည်။ ထို့အတူ အချိန်မီဆေးကုသလျှင်ပျောက်ကင်းနိုင်သော်လည်း ကုသစရိတ်မရှိခြင်းကြောင့် ဆေးကုသခြင်းမပြုသည့် သက်ကြီးပိုင်း အတွင်းတိမ်ဖြစ်ပွါးနေသူများလည်းရှိနေသည်။
သက်ကြီးပိုင်းအတွင်းတိမ်သည် အသက်အရွယ်နှင့်သက်ဆိုင်သည့် ရောဂါဖြစ်သော်လည်း ကလေးများ၏အမြင်အာရုံရောဂါသည် တကိုယ်ရည်သန့်ရှင်းမှုအားနည်းခြင်းကြောင့်ဖြစ်သည်ဟု ဒေါက်တာ နန်းမာလာဝမ်းကပြောသည်။
“ အခြားရောဂါတွေလည်းဖြစ်တာပေါ့၊ ကလေးအများစုကမျက်ကြည်လွှာထိခိုက်သွားရင်တော့ကုမရတော့ဘူး၊ အတွင်းတိမ်ဖြစ်နေတဲ့ အဖိုးအဖွားတွေများတယ်၊ ကျိုင်းတုံဆေးရုံမှာကုရင်တော့ ကျွန်မကူညီပေးပါတယ်”ဟု ဒေါက်တာနန်းမာလာဝမ်းက မဲခေါင်သတင်းဌာနကို ပြောသည်။
အတွင်းတိမ်ရောဂါကို ဆေးရုံ၌ ခွဲစိတ်ကုသပါက ကာလပေါက်ဈေး မျက်လုံးတစ်ဖက် ကျပ်သုံးသိန်းကျော်ကုန်ကျ ကုန်ကျမည်ဖြစ်သော်လည်း ကုသစရိတ်မရှိခြင်း၊ ဝေးလံခေါင်သီခြင်းများကြောင့် စနစ်တကျကုသမှုခံယူခြင်းမပြုပဲ ဆေးမြီးတိုများဖြင့် ကုသခြင်းနှင့် ရိုးရာမန်းမှုတ်ခြင်းများသာပြုလုပ်နေသဖြင့် ရောဂါရင့်သန်ကာ ကုမရသည့်အခြေအနေများဖြစ်ပေါ်နေသည်။ ကလေး၊ လူကြီးနှင့် အရွယ်စုံဖြစ်ပွါးသောရောဂါများကို ထိုနည်းလမ်းအတိုင်းကုသနေခြင်းဖြစ်သည်။
ဒေါက်တာ နန်မာလာဝမ်းက “ ဆင်းရဲကြပ်တည်းတဲ့လူနာများအတွက် ဆေး ကုသမှုစားရိတ်ဆိုတာ တကယ်မလွယ်ဘူး၊ ငွေမရှိလို့ဆေးမကုနိုင်ပဲ အိမ်မှာသေရတဲ့ လူနာတွေလည်း အများကြီးဟု” ပြောသည်။
ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များကိုယ်တိုင် မူးယစ်ဆေးသုံးစွဲသဖြင့် သန္ဓေသားထိခိုက်မှုရှိနေကြသည်။
“ အများအားဖြင့်တော့ ကိုယ့်ဟာကိုယ်မွေးကြတာများပါတယ်၊ ဆေးအနေနဲ့ကတော့ ရာမစားရင်အားရှိတယ်လို့ ယူဆပြီး ရာမ စားပြီးမွေးကြတာ” ဟု ဒေါက်တာ နန်းမာလာဝမ်းကပြောသည်။
မိုင်းပျဉ်းတောင်ပေါ်ရွာမှ ရာမ မူးယစ်ဆေးသုံးစွဲသော ကိုယ်ဝန်ဆောင်မိခင်တစ်ဦး မီးဖွါးရာတွင် မွေးလာသောကလေး အပိုင်းပိုင်းပြတ်တောက်နေသဖြင့် ကျိုင်းတုံဆေးရုံကြီး၌ ကုသခဲ့ရကြောင်း ယမန်နှစ်တွင် မဲခေါင်၌ သတင်းဖော်ပြခဲ့ဖူးပါသည်။
ဒေါက်တာက “ ဘာကြောင့်ဆေးသုံးလဲဆို ၀မ်းကိုက်လို့၊ ကိုယ်တွေလက်တွေကိုက်လို့၊ အိပ်မပျော်လို့ ၊ ဗိုက်နာလို့ စသည့် အကြောင်းပေါင်း သောင်းခြောက်ထောင်ပြကြတယ်” ဟုပြောသည်။
၂၀၁၈ ခုနှစ်မှ စတင်ကာ မိုးရာသီမှလွဲ၍ ကျိုင်းတုံနှင့်မိုင်းပျဉ်း တောင်ပေါ်ဒေသ ဝေးလံခေါင်သီရွာများသို့သွားရောက်ကာ အလှူရှင်များ၏စေတနာအရ ကူညီပံ့ပိုးမှုများ၊ ဆေးကုသမှုများပြုလုပ်ပေးနေသည့် ဒေါက်တာ နန်းမာလာဝမ်းသည် တောင်ပေါ်လူထု တောင်းဆိုသည့် ဆန်၊ ငရုတ်သီး၊ ဆားများကို ဝယ်ယူစုဆောင်းနေပြီး မကြာခင် သွားရောက်မည်ဖြစ်သဖြင့် စေတနာရှင်များ လှူဒါန်းနိုင်သည်ဟုပြောသည်။
မဟာ
#MeKongNews








